မွန်အမျိုးသားပညာရေးဌာန လက်အောက်ခံရှိ မွန်အမျိုးသားအထက်တန်းကျောင်းများတွင် ဝါရင့်ဆရာ/ဆရာမများ ခန့်အပ်ရန် ရန်ပုံငွေအခက်အခဲရှိနေခြင်းကြောင့် တက္ကသိုလ်ဝင်တန်းအောင်ချက် ကျဆင်းနေကြောင်း မွန်အမျိုးသားပညာရေးဌာန တာဝန်ခံက မွန်သတင်းအေဂျင်စီသို့ ပြောသည်။
မွန်အမျိုးသား ပညာရေးဌာန တာဝန်ခံ မိစားတားက “တက္ကသိုလ်ဝင်တန်း အောင်ချက်ကောင်းလာဖို့အတွက် မွန်အမျိုးသားပညာရေးဌာနအနေနဲ့ အတွေ့အကြုံရှိတဲ့ ဆရာ/ ဆရာမ ခန့်အပ်ရန် အစီအစဉ်ရှိပါတယ်၊ ဒါပေမယ့် ထောက်ပံ့ကြေး များများမပေးနိုင်တဲ့အခါကျတော့ ဝါရင့် ဆရာ/ ဆရာမများ လာရောက်ပြီး သင်ကြားပေးဖို့ အခက်ခဲရှိနေပါတယ်” ဟု ပြောသည်။
မွန်အမျိုးသားအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း သင်ကြားပေးသည့် မွန် ဆရာ/ ဆရာမများကလည်း အတွေ့အကြုံနုခြင်းကြောင့် သင်ကြားမှုတွင်အခက်အခဲရှိနေကြောင်း ၄င်းကဆက်ပြောသည်။
တက္ကသိုလ်ဝင်တန်း အောင်ချက် ပြန်လည်ကောင်းမွန်လာစေရန် မွန်အမျိုးသားပညာရေးဌာန အနေဖြင့် မွန်အမျိုးသားအထက်တန်းကျောင်း ၃ ကျောင်းရှိ မွန်ဆရာ/ ဆရာမများကို တက္ကသိုလ်ဆရာများ၊ ကျုရှင်ဆရာများနှင့် ၃ လ တစ်ကြိမ် တွေ့ဆုံပြီး သင်ကြားနည်းများ ပို့ချပေးရန် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်အမျိုးသားပညာရေးဌာန စီမံအုပ်ချုပ်သူ မင်းအောင်ဇေက “ ကိုယ့်ဆရာနဲ့ကိုယ်ဆိုတော့ တစ်လကို ထောက်ပံ့ကြေး ၁ သိန်းခွဲပဲရပါတယ်၊ ဒီလောက်ထောက်ပံ့ကြေးနဲ့ဆို မြို့ပေါ်က ကျော်ကြားတဲ့ဆရာတွေမလာနိုင်ဘူးလေ၊ အနိမ့်ဆုံး ထောက်ပံ့ကြေး ၃ သိန်းပေးရင်တောင် သာမာန်ဆရာပဲရမယ်ဆိုတော့ ထောက်ပံ့ပေးဖို့က အခက်အခဲရှိတာပေါ့နော်၊ ကလေးတွေကို မြို့ပေါ်မှာမထားနိုင်တာလည်း ပါတယ်၊ စီမံအုပ်ချုပ်ရေးအပိုင်းတွေလည်း လိုတာပေါ့”ဟု ပြောသည်။
မွန်အမျိုးသားပညာရေးကျောင်းတွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ဆက်လက်ကျဆင်းနေကြောင်း၊ ငွေကြေးတတ်နိုင်သည့် ကျောင်းသားမိဘများကလည်း သားသမီးများကို သီးသန့်ဘော်ဒါဆောင်များတွင် ထားရှိကြောင်း၊ မိဘထောက်ပံ့ငွေကြေးမပေးနိုင်သည့် ကျောင်းသားများအား အတွေ့အကြုံနုနယ်သည့်ဆရာများနှင့် သင်ကြားနေရသည့်အတွက် အောင်ချက်ကျနေကြောင်း ၄င်းက ဆက်ပြောသည်။
မွန်အမျိုးသားပညာရေးဌာန လက်အောက်ခံရှိ မွန်အမျိုးသားအထက်တန်းကျောင်း ၃ ကျောင်းမှ ၂၀၁၆ ခုနှစ် အစိုးရတက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၉၃ ဦး အောင်ချက် ၁၁.၈၃ ရာနှုန်းသာရှိကြောင်း သိရသည်။
မွန်အမျိုးသားပညာရေးကျောင်းတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်ကျဆင်းနေမှုနှင့် ပတ်သက်ပြီး ပညာရေးဌာနမူဝါဒ အသစ် ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ အဆိုပါ မူဝါဒအသစ်ရေးဆွဲရာတွင် ပညာရေးစီမံအုပ်ချုပ်သူများ ဦးဆောင်ပြီး ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများ ပူးပေါင်းဆောင်ရွက်သွားလျှင် အောင်ချက် ပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း မင်းအောင်ဇေက ဆက်ပြောသည်။
မွန်အမျိုးသားပညာရေးဌာနတွင် Post-ten ဆယ်တန်းလွန်ကျောင်း တစ်ကျောင်း၊ အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁၆ ကျောင်း၊ မူလွန်ကျောင်း ၂၉ ကျောင်း နှင့် မူလတန်းကျောင်း ၈၉ ကျောင်း စုစုပေါင်း ၁၃၈ ကျောင်း ရှိကြောင်း သိရသည်။