spot_img
Sunday, January 25, 2026
More
    spot_img
    Homeသတင်းUPDJC ခေါင်းဆောင်နှင့်တွေ့ဆုံရန် UNFC ကိုယ်စားလှယ်စေလွှတ်မည်

    UPDJC ခေါင်းဆောင်နှင့်တွေ့ဆုံရန် UNFC ကိုယ်စားလှယ်စေလွှတ်မည်

    -

    ၂၁ ရာစုပင်လုံညီလာခံနှင့်ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီ UPDJC ခေါင်းဆောင်များနှင့် အသေးစိတ်အချက်အလက်များ တွေ့ဆုံမေးမြန်းရန် ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မကြာမီသီတင်းပတ်အတွင်း စေလွှတ်မည်ဟု သိရသည်။

    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်(MNA)
    မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်(MNA)

    ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)” နှင့် UNFC ထိပ်ပိုင်းခေါင်းဆောင်များ ညစာစားပွဲကျင်းပစဉ် နှစ်ဖက်ခေါင်းဆောင်များ သဘောတူညီမှုရရှိခဲ့ကြသည်ဟု ပါဝင်တက်ရောက်ခဲ့သူ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်နှင့် မွန်သတင်းအေဂျင်စီ MNA တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

    နိုင်ထောမွန်က “အစိုးရကိုယ်စားလှယ်နဲ့ ကျနော်တို့ DPN ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အချက်အလက်တွေ ကောင်းပါတယ်၊ ဒါပေမယ့် ကျနော်တို့မရှင်းလင်းတဲ့အချက်တွေ အများကြီးကျန်ရှိနေသေးတယ်၊ ဒါကိုအခုလာတဲ့အစိုးရကိုယ်စားလှယ်အဖွဲ့ တိတိကျကျမပြောပြနိုင်သေးဘူး၊ ဒါကြောင့် ကျနော်တို့ရဲ့ကိုယ်စားလှယ်တွေ ပြည်တွင်းကိုသွားရောက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီခေါင်းဆောင်တွေနဲ့ တရားဝင်တွေ့ဆုံဖို့ သဘောတူကြတယ်” ဟု ဆိုသည်။

    အဆိုပါတွေ့ဆုံမည့်နေ့ရက် အတိအကျမသတ်မှတ်နိုင်သေးသော်လည်း ယခုဇွန်လ ဒုတိယအပတ်(သို့မဟုတ်) တတိယပတ်တွင် သွားရောက်တွေ့ဆုံရန် သဘောထားရှိ ကြသည်ဟု သူက ဆက်ပြောသည်။

    အစိုးရ၏ စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ ဒေါက်တာ တင်မျိုးဝင်းကလည်း “၀မ်းသာစရာအချက်ကတော့ သူတို့ အားလုံး ဒီညီလာခံကို တက်ရောက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ အဖြေတစ်ခု ရလိုက်ပါတယ်” ဟု ဇွန်လ ၃ ရက်နံနက်ပိုင်းတွင် UNFC ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ Delegation for Political Negotiation–DPN တို့ဆွေးနွေးအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

    UNFC ဖွဲ့စည်းထားသော DPN တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO, မွန်ပြည်သစ်ပါတီ NMSP, ကရင်နီတိုးတက်ရေးပါတီ KNPP, ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA, တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်TNLA/PSLF, လားဟူဒီမိုကရက်တစ်ယူနီယံ LDU, “ဝ” အမျိုးသားအဖွဲ့ချုပ် WNO, မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA(ကိုးကန့်အဖွဲ့), ရခိုင်အမျိုးသားကောင်စီ ANC တို့ ၉ ဖွဲ့ပါဝင်လျက်ရှိသည်။

    အထက်ပါ UNFC အဖွဲ့ဝင် ၉ ဖွဲ့နှင့်အတူ ‘၀’ သွေးစည်း ညီညွတ်ရေး ပါတီ UWSP/UWSA မိုင်းလားအဖွဲ့ NDAA, နာဂအမျိုး သားဆိုရှယ်လစ်ကောင်စီ ကပ်ပလန် NSCN-K, ရခိုင်တပ်မတော် AA စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပေ။

    သို့သော် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)စသည့် လက်နက်ကိုင် ၈ ဖွဲ့သာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ယခင်ဦးသိန်းစိန်အစိုးရဟောင်းနှင့် NCA လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

    ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီ UPDJC ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လာမည့်သြဂုတ်လအတွင်း စတင်ကျင်းပနိုင်ရန် လမ်းညွှန်ထားပြီ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်က်ုိင် အဖွဲ့များ ပါဝင်လာနိုင်ရေးအတွက်ကိုလည်း ဆပ်ကော်မတီများ ဖွဲ့စည်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား သွားရောက် တွေ့ဆုံလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts