spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဟံသာဝတီမွန်နေပြည်တော်ကျဆုံးပျက်သုဉ်းနေ့ အောက်မေ့ဘွယ်အခမ်းအနားများကျင်းပ

    ဟံသာဝတီမွန်နေပြည်တော်ကျဆုံးပျက်သုဉ်းနေ့ အောက်မေ့ဘွယ်အခမ်းအနားများကျင်းပ

    -


    ၂၀၁၆ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင်ကျရောက်သည့် ၂၅၉ နှစ်မြောက် ဟံသာဝတီမွန်နေပြည်တော် ကျဆုံးပျက်သုဉ်းခြင်း အောက်မေ့ဘွယ်အခမ်းအနားများကို ပြည်တွင်း ပြည်ပရှိ မွန်တိုင်းရင်းသားများက မိမိတို့ရောက်ရှိနေထိုင်ရာ ဒေသအသီးသီးတွင် တပြိုင်တည်းကျင်းပခဲ့ကြသည်ကို သိရသည်။

    မွန်တို့၏ ဟံသာဝတီနေပြည်တော် ကျဆုံးခဲ့စဉ် အသက်ပေး အစတေးခံခဲ့ရသော ဆွေမျိုးတော်စပ်ခဲ့သူ မွန်သံဃာတော်၊ မွန်ပြည်သူများနှင့် မွန်ရဲမက်ဗိုလ်ပါအပေါင်းတို့အား ရည်စူးကာ အောက်မေ့ဘွယ် ဆုတောင်းပွဲအခမ်းအနားတွင် ရေစက်ချအမျှပေးဝေကြခြင်း ဖြစ်သည်။

    အောက်မေ့ဘွယ်အခမ်းအနားကျင်းပရေးကော်မတီဝင် မိဟံသာထောက “ပြီးခဲ့တဲ့ နှစ်တွေမှာ ပါဝင်ကျဆုံးသွားတဲ့ မွန်လူမျိုးတွေအတွက်ပဲ ဝတ်ပြုဆုတောင်းပွဲ လုပ်ဖြစ်တယ်၊ ဒီနှစ်မှာတော့ အခုပစ္စုပ္ပန်မှာ ဒုက္ခခံစားနေရတဲ့ လူတွေအတွက်လည်းဆုတောင်းပေးတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယခုနှစ်တွင် မွန်လူငယ်များဦးဆောင်၍ ဟံသာဝတီ အောက်မေ့ဘွယ်အခမ်းအနား ဖြစ်မြောက်ရေးဗဟိုကော်မတီ ဖွဲ့စည်းနိုင်ခဲ့ပြီး မြို့နယ်အလိုက်ကျင်းပခဲ့ရာတွင် အထိမ်းအမှတ်စတစ်ကာများ၊ ဗီနိုင်းပိုစတာများ၊ တီရှပ်အကျႌများကိုလည်း ဖြန့်ချီခဲ့ကြသည်။

    အဆိုပါ ဖြစ်မြောက်ရေး ဗဟိုကော်မတီ၏ (၂၅၉) နှစ်မြောက် ဟံသာဝတီပျက်သုဉ်းခြင်း အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်၌ မွန်လူမျိုးတို၏ သမိုင်းနှင့်ဇာတိသွေး ဇာတိမာန်ကိုသိရှိစေရန်နှင့်
    စစ်အာဏာရှင်စနစ်လက်အောက်တွင်ကျရောက်စဉ်ကတည်းကပင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဟံသာဝတီပျက်သုဉ်းခြင်းအခမ်းအနားများ ကျင်းပပြုလုပ်ခဲ့သည့်ပုဂ္ဂိုလ်များကို လေးနက်စွာ အသိအမှတ်ပြုအပ်ပါကြောင်း ရေးသား ဖော်ပြထားသည်။

    အခမ်းအနားများကို ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်နှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းရှိ မွန်ကျေးရွာများတွင်၄င်း၊ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေများ၊ ဘုရားသုံးဆူနယ်စပ်တွင်၄င်း ဒေသအလိုက်စုပေါင်းကျင်းပခဲ့ကြသည်ကို Facebook လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့ရှိရသည်။

    အလားတူ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့တရားရုံးရှေ့တွင် အမေရိကန်နိုင်ငံရောက်မွန်တိုင်းရင်းသားများက ဟံသာဝတီမွန်နေပြည်တော် ကျဆုံးပျက်သုဉ်းခြင်း အောက်မေ့ဘွယ်အထိမ်းအမှတ် ဆန္ဒပြပွဲတစ်ရပ် ကျင်းပခဲ့ကြသည်ကို သိရှိရသည်။

    နောင်လာမည့်မျိုးဆက်များ သတိရမှတ်မိစေရန်၊ အလားတူဖြစ်ရပ်ဆိုးမျိုးနောက်ထပ်မဖြစ်ပေါ်လာစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီးဆန္ဒပြတောင်းဆိုရခြင်းဖြစ်ကြောင်း၊ “၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အလိုမရှိ၊ ဗမာ့တပ်မတော်က တိုင်းရင်းသားနယ်မြေတွေမှာ သွားရောက် ကျူးကျော်စစ်ပွဲဆင်နွဲတာကို ရပ်” ဟု မွန်၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ကြွေးကြော်ခဲ့ကြသည်။

    ထို့အတူ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန်၊ ကနေဒါ၊ သြစတေးလျ၊ ကိုးရီးယား စသည့် ပြည်ပရောက် မွန်လူမျိုးများ ဟံသာဝတီပျက်သုဉ်းနေ့ အထိမ်းအမှတ်ကျင်းပခဲ့ကြသည်ကို သိရသည်။

    လွန်ခဲ့သော ၂၅၉ နှစ်၊ မွန်ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက်နေ့တွင် မွန်နေပြည်တော်ဟံသာဝတီ(ပဲခူး) ကို ဗမာဘုရင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သဖြင့် ထိုအချိန်မှစ၍ မွန်မင်းဆက်များနှင့်အတူ မွန်နိုင်ငံတော်ကြီး ပျက်သုဉ်းခဲ့ရခြင်းဖြစ်ကြောင်း သမိုင်းရာဇဝင်များက ရေးသားဖော်ပြထားသည်။

    ထိုတိုင်းနိုင်ငံနေပြည်တော်ကြီးဆုံးရှုံးမှုနှင့်အတူ မွန်သံဃာတော်များ၊ ပြည်သူလူထုနှင့် စစ်မက်ဗိုလ်ပါ ထောင်သောင်းမက သေဆုံးခဲ့ရသည့်အတွက် အောက်မေ့ဘွယ်အခမ်းအနားအဖြစ် ဆုတောင်းအမျှဝေမှုများ နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts