Homeသတင်းအခြေခံပညာကျောင်းများတွင် ကျောင်းဝတ်စုံနှင့်ပြဌာန်းစာအုပ်များ အဆင်သင့်ရောက်ရှိနေပြီ

အခြေခံပညာကျောင်းများတွင် ကျောင်းဝတ်စုံနှင့်ပြဌာန်းစာအုပ်များ အဆင်သင့်ရောက်ရှိနေပြီ

-

၂၀၁၆- ၂၀၁ရ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းစတင်အပ်နှံသည့်နေ့တွင် အဆင်သင့်ဖြန့်ဝေနိုင်ရန် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပြဌာန်းစာအုပ်များ အဆင်သင့်ရောက်ရှိနေပြီ ဖြစ်ကြောင်း သံဖြုုဇရပ်မြို့နယ်၊ အနင်းကျေးရွာ အထက်တန်းကျောင်းအုပ်ထံမှ သိရသည်။

ဓါတ်ပုံ - တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများ (မွန်ထော)
ဓါတ်ပုံ – တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူများ (မွန်ထော)

ကျောင်းအုပ်ဆရာကြီး ဦးမင်းအောင်ဝင်း “ ကျနော်တို့ အထက်တန်းကျောင်းအတွက် KG ကျောင်းဝတ်စုံတွေ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသုံး ပြဌာန်းစာအုပ်တွေလည်း အဆင်သင့် ရောက်နေပါပြီ” ဟု ပြောသည်။

လာမည့်မေလ ၂၅ ရက်နေ့မှ ကျောင်းစတင်အပ်နှံသွားရန် မြို့နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားထားကြောင်း၊ ကျောင်းအပ်နှံသည့်နေ့မတိုင်ခင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မုဒုံမြို့နယ်၊ ကော့ပီထောရွာ မူလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းရှင်က “ မေလ ၂၀ ရက်နေ့မှာ ကျောင်းဆရာ/ ဆရာမတွေကို ခေါ်ပြီး အတန်းပြောင်းရွှေ့ရေး ကိစ္စတွေ၊ တာဝန်ခွဲဝေရေးကိစ္စတွေကို လုပ်သွားမယ်” ဟု ပြောသည်။

ကျောင်းအပ်နှံရာတွင် သူငယ်တန်း (KG) အတွက် ကျောင်းဝတ်စုံ တစ်စုံ (အခမဲ့)၊ မူလတန်းအဆင့်တွင် ကျောင်းဝတ်စုံတစ်စုံ၊ ဗလာစာအုပ် ၆ အုပ် နှင့် ကျောင်းသုံးပြဌာန်းစာအုပ် တစ်စုံ၊ အလယ်တန်း နှင့် အထက်တန်း အဆင့်တွင် ကျောင်းသုံးပြဌာန်စားအုပ် တစ်စုံ၊ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာ နှင့် စာကြည့်တိုက်ကြေး ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူ အားလုံးကို မည်သည့် အခကြေးငွေမှ ကောက်ခံခြင်း မပြုရ၊ ကျောင်းအပ်နှံခြင်းအတွက် ငွေကြေး/ လက်ဆောင် ပစ္စည်းတစ်စုံတစ်ရာ လက်ခံခြင်း မပြုရ၊ ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ် နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်း မပြုရန် နှင့် အခြားမည်သည့် ကိစ္စကိုမှ ရောင်းချခြင်း မပြုရ ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောင်းအပ်လက်ခံခြင်း၊ ကျောင်းပြောင်းရွှေ့မှု လက်ခံခြင်းအား မေလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်းသာ ဆောင်ရွက်သွားရန် ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။

၂၀၁၅-၁၆ ပညာသင်နှစ်မှ စတင်၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အခမဲ့ပညာရေးစနစ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် အခြေခံပညာ အစိုးရ အထက်တန်းကျောင်း ၈၈ ကျောင်း၊ အလယ်တန်းကျောင်း ၁၀ရ ကျောင်းနှင့် မူလတန်းကျောင်း ၁၂၄၀ ကျောင်း ရှိပြီး အစိုးရကျောင်း အပါအဝင် ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့တွင် စုစုပေါင်းကျောင်းသူ ကျောင်းသား ၄ သိန်းဝန်းကျင် ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts