Wednesday, April 15, 2026
More
    spot_img
    Homeသတင်းပျားတောင်ဒေသခံ ၄ ထောင်ကျော် MCL ကို ကန့်ကွက်လက်မှတ်ရေးထိုး

    ပျားတောင်ဒေသခံ ၄ ထောင်ကျော် MCL ကို ကန့်ကွက်လက်မှတ်ရေးထိုး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသတွင် ဆောက်လုပ်လျက်ရှိသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL လည်ပတ်ရန်အတွက် ကျောက်မီးသွေးအသုံးပြုမည်ကို ဒေသခံ ၄ ထောင်ကျော် ကန့်ကွက်လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ထိုသို့ ကျောက်မီးသွေးအသုံးပြုခြင်းနှင့် ပတ်သက်၍၊ ဘိလပ်မြေစက်ရုံအနီးတဝိုက်ဒေသရှိ ကော့ဒွန်း၊ ကော့ပနော့ရွာ၌ မတ်လ (၁) ရက်နေ့တွင်၄င်း၊ နိတုံကျေးရွာ၌ ဖေဖေါ်ဝါရီီ ၂၉ ရက်နေ့တွင်၄င်း ကျောက်မီးသွေးအကြောင်း ပညာပေးဟောပြောမှုများပြုလုပ်ခဲ့ပြီး စုပေါင်းကန့်ကွက်လက်မှတ်ရေးထိုးကြသည်ဟု ဟောပြောပွဲဖြစ်မြောက်ရေးလှုပ်ရှားသူ မိစန္ဒာနွန်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မိစန္ဒာနွန်က “ ကျောက်မီးသွေးအသုံးပြုတာကို ဒေသခံတွေ လက်မခံဘူး။ မလုပ်ဖြစ်အောင်ကို ဆန့်ကျင်သွားမယ်။ ကျောက်မီးသွေးအသုံးပြုမှာကို ဒေသခံတွေကို အသိပေးပြောပြခဲ့့တာမရှိဘူး။ သူတို့အကွက်ချပြီး လှည့်စားသွားတယ်။ သံဃာတော်တွေလည်း လုံးဝလက်မခံဘူး။ သံဃာတွေကိုယ်တိုင် ဦးဆောင်ပြီး ပညာရှင်တွေကို ဖိတ်ခေါ်တယ်၊ လူထုတွေသိအောင် ဟောပြောရှင်းပြစေတယ်” ဟု ဆိုသည်။

    အဆိုပါ ပူးပေါင်းကန့်ကွက်လက်မှတ်ရေးထိုးပွဲကို ဒေသခံမွန်ရဟန်းသံဃာတော်များ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပျားတောင်ဒေသအနီးတဝိုက်ရှိ နိတုံ၊ ကော့ဒွန်း၊ ကော့ပနော့၊ ပေါက်တော၊ ကွမ်ငန်း၊ ကော့ဝမ်း၊ အလှိုှုက် စသည့်ဒေသခံပြည်သူတို့၏ အသံကို တရားဝင်ဖြစ်မြောက်စေရန် အစိုးရထံတို့ တင်ပြသွားမည်ဟုလည်း သိရှိရသည်။

    ကန့်ကွက်လက်မှတ်ရေးထိုးကြစဉ်(စန္ဒာနန် Facebook)
    ကန့်ကွက်လက်မှတ်ရေးထိုးကြစဉ်(စန္ဒာနန် Facebook)
    ထို့အပြင် အနီးအနားရှိ ကရင်ကျေးရွာ၊ ဗမာကျေးရွာများကိုလည်း လက်တွဲပူးပေါင်း ပါဝင်လာနိုင်စေရန် ဖိတ်ခေါ်သွားမည်ဟုလည်း ဆိုသည်။

    မိစန္ဒာနွန်က “တစ်နှစ်အတွက် ကျောက်မီးသွေးတန်ချိန် ၅ သိန်းနီးပါးကို ကျိုက်ခမီပင်လယ်ဝ ကနေတဆင့် သဘောင်္ငယ်တွေနဲ့ အခုရက်ပိုင်းတွေမှာ သယ်ယူလာနေပြီ” ဟု ဆက်ပြောသည်။

    MCL ဘိလပ်မြေစက်ရုံအတွက် ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ (၄၀) မဂ္ဂါဝပ် လည်းကောင်း၊ စက်ရုံမှစွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှ (၉) မဂ္ဂါဝပ်ကို လည်းကောင်း စုစုပေါင်း လှျပ်စစ်ပမာဏ (၄၉) မဂ္ဂါဝပ် ထုတ်ယူသွားမည်ဖြစ်သည်။
    လာမည့်နှစ်လည်အတွင်း စက်ရုံလည်ပတ်ခါနီးမှ MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးနှင့် လည်ပတ်မည်ဟု သိရှိရမှုအပေါ်၌ ဒေသခံများ သဘောမတူ ဆန့်ကျင်ကန့်ကွက် ကြခြင်းဖြစ်သည့်အပြင် မွန်အမျိုးသားပါတီမှလည်း သဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    ကျောက်မီးသွေးစက်ရုံထုတ်လုပ်မှုမှ ဖြစ်ပေါ်လာမည့် ဆိုးကျိုးအန္တရာယ်များကို အများပြည်သူ သိရှိနားလည် သဘောပေါက်နိုင်ရန် ရည်ရွယ်၍ မွန်သံဃာတော်ကြီးများမှ ဦးဆောင်ပြီး ပညာရှင်များဖြစ်ကြသည့် ဒေါက်တာခင်မောင်ညို၊ ဦးစိန်မြင့် (သတ္တုတွင်းအငြိမ်းစား)၊ ဒေါက်တာဒေဝီသန့်စင် (မြန်မာအစိမ်းရောင်ကွန်ယက်) MGN တို့အား ဖိတ်ခေါ်ကာ ရှင်းလင်းပြောကြားစေခြင်း ဖြစ်သည်။

    တဖက်တွင်လည်း MCL ကုမ္ပဏီသည် သဘာဝဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြံပေးအဖွဲ့တစ်ခုဖြစ်သည့် Resource and Environment Myanmar နှင့်ပူးပေါင်းပြီး ဘိလပ်မြေစက်ရုံအနီးတဝိုက်ကျေးရွာများ၌ ပြီးခဲ့သည့်ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် ဒေသရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုတွေ့ဆုံရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်ကို သတင်းများဖော်ပြခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks