မော်လမြိုင်ဘိလပ်မြေကုမ္ပဏီ MCL ဘိလပ်မြေထုတ်လုပ်ရန် လိုအပ်သောလှျပ်စစ်ပမာဏကို ကျောက်မီးသွေးဖြင့် ထုတ်လုပ်မည်ဖြစ်သည့်အတွက် ဒေသခံဒါယကာများ ကန့်ကွက်ရန်တာဝန်ရှိသည်ဟု
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကော့ဒွန်းရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တသုမနက မတ်လ ၁ ရက်နေ့တွင် ကျင်းပသော ကျောက်မီးသွေးအကြောင်း ဟောပြောပွဲ၌ မိန့်ကြားခဲ့သည်။
ဘဒ္ဒန္တသုမန က“ကုမ္ပဏီက ကျောက်မီးသွေးနဲ့ လှုိ့ဝှက်ပြီးလုပ်နေတဲ့ကိစ္စကို အခုမှသိရတဲ့အတွက် ဆရာတော်တို့ ခြေတစ်လှမ်းနောက်ကျခဲ့တယ်၊ နောက်ကျပေမယ့် ဒီအန္တရာယ်ကို ကာကွယ်နိုင်ဘို့အတွက် သံဃာတော်တွေ၊ ဒါယကာတွေမှာ တာဝန်ရှိတယ်” ဟု ကော့ပနော့ရွာ ကျောက်မီးသွေးအကြောင်း ဟောပြောပွဲတွင် မိန့်ကြားခဲ့သည်။
၎င်းဟောပြောပွဲတွင် ဆရာဒေါက်တာခင်မောင်ညို၊ ဆရာမဒေါ်ဒေဝီသန့်စင်၊ ဆရာဦးစိန်မြင့် (သတ္တုတွင်းအငြိမ်းစား) တို့ ဟောပြောခဲ့ရာ မွန်အမျိုးသားပါတီခေါင်းဆောင်များနှင့် ကော့ဒွန်း/ကော့ပနော့၊ မယ်ကရို၊ ကွမ်းငန်းရွာမှ ဒေသခံ (၄၀၀) ဝန်းကျင် တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။
ဆရာဦးစိန်မြင့် (သတ္တုတွင်းအငြိမ်းစား) က “ကျောက်မီးသွေးက ဆိုးကျိုးများလို့ နိုင်ငံတကာက လှျော့ချနေတယ်။ ကိုယ့်နိုင်ငံမှာက ကျောက်မီးသွေးသုံးမယ်ဆိုတာ ဒါမဖြစ်သင့်တဲ့ လုပ်ရပ်ပဲ။ ကျောက်မီးသွေးမှာက စွန့်ပစ်ပစ္စည်း (၁၃) မျိုးရှိတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေဟာ သားစဉ်မြေးဆက် ခံစားရမယ်” ဟု ပြောသည်။
ကျောက်မီးသွေးမှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများတွင် (၁) ကာဗွန်ဒိုင်အောက်ဆိုက် (၂) ဆာလ်ဖာဒိုင်အောက်ဆိုက်၊ (၃)နိုက်ထရိုဂျင် (၄) ကာဗွန်မိုနော့ဆိုက်၊ (၅) လေလွင့်အမှုန် (၆) ဟိုက်ဒရိုကာဗွန်၊ (၇) ပြဒါး (၈) အာဆင်းနစ်၊ (၉) ခဲ၊ (၁၀) ကက်ဒ်ဒီယံ၊ (၁၁) မီးခိုးခေါင်းတိုင်ပြာမှုန့်၊ (၁၂) မီးဖိုပြာ၊ (၁၃) ယူရေနီယံတို့ ပါဝင်သည်ဟု ဆိုသည်။
“စက်ရုံကလည်ပတ်တာနဲ့ ဒီအနီးအနားတဝိုက်ကတော့ အရင်ဆုံး ဆိုးကျိုးကိုခံစားရမယ်။ နောက်နှစ်အနည်းငယ်ကြာလာရင် နည်းနည်းကျယ်ပြန့်လာမယ်။ ဆိုးကျိုးရဲ့ အကွာအဝေးက စက်ရုံလည်ပတ်တဲ့ နှစ်ကာလပေါ်မှာ မူတည်ပြီးတော့ ဆိုးကျိုးကို ခံစားရမယ်” ဟု ဆရာဦးစိန်မြင့်က ဆက်ရှင်းပြသည်။
MCL ဘိလပ်မြေစက်ရုံလည်ပတ်ရန်အတွက် တနှစ်စာလို့အပ်သည့် ဂေါ်ဒန်ကျောက် တန်ချိန် (၁၀၀,၀၀၀) နှင့် ကျောက်မီးသွေး တန်ချိန် (၄၇၆,၀၀၀) ကို မွန်ပြည်နယ်အစိုးရခွင့်ပြုချက်ဖြင့် ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် သဘောင်္များဖြင့် စတင်သယ်ဆောင်နေပြီဟု ဒေသခံများအဆိုအရ သိရသည်။
ပျားတောင်ဒေသခံ မယ်ကရိုရွာသား နိုင်ရွှေ က “အခုချိန်ထိတော့ ကျွန်တော်တို့ သဘောမတူဘူးလို့ ပြောနေ ပေမယ့် ကုမ္ပဏီက သူတို့လုပ်ချင်သလို လုပ်နေတယ်။ ကျွန်တော်တို့ဘက်ကတော့ အကောင်း ဆုံးဖြစ်အောင် ဆွေးနွေးသွားမယ်။ ကုမ္ပဏီကို အလိုမရှိတာ မဟုတ်ဘူး ကျောက်မီးသွေးကိုသာ ကျွန်တော်တို့ အလိုမရှိတာ” ဟု ဆိုသည်။
MCL ဘိလပ်မြေထုတ်လုပ်ရန် ကျောက်မီးသွေးလောင်စာဖြင့် မဟုတ်ဘဲ အခြားလောင်စာဆီ(သို့မဟုတ်) သဘာဝဓါတ်ငွေ့ဂက်စ်ဖြင့် အစားထိုးလည်ပတ်စေလိုကြောင်း ဒေသခံများဆန္ဒရှိကြသည်ကို တွေ့ရသည်။
နိုင်ရွှေ က“အခု ကန့်ကွက်လက်မှတ်တွေကို ကောက်ခံနေဆဲပါ။ ပြီးရင် သက်ဆိုင်ရာ အစိုးရ ဌာနတွေကို ပေးပို့သွားမယ်၊ ကျွန်တော်တို့အနေနဲ့ ကျောက်မီးသွေးနဲ့ဆိုရင် လုံးဝခွင့်မပြုနိုင်ဘူး၊ ညှို့နှုိင်းလို့မရရင် လမ်းပေါ်ထွက်ပြီး ဆန္ဒပြရလိမ့်မည်” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။
MCL ဘိလပ်မြေစက်ရုံအတွက် ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ (၄၀) မဂ္ဂါဝပ် လည်းကောင်း၊ စက်ရုံမှစွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှ (၉) မဂ္ဂါဝပ်ကို လည်းကောင်း စုစုပေါင်း လှျပ်စစ်ပမာဏ (၄၉) မဂ္ဂါဝပ် ထုတ်ယူသွားမည်ဖြစ်သည်။
အဆုုိပါ ဘိလပ်မြေစက်ရုံတည်ဆောက်ရေးကို ၂၀၁၃ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သဘောတူခွင့်ပြုခဲ့ပြီး ၂၀၁၆ ခု၊ နှစ်လယ်ပိုင်းလောက်တွင် ဘိလပ်မြေစတင်ထုတ်လုပ်နိုင်မည်ဟု ကုမ္ပဏီထံက သိရသည်။