Homeသတင်းအံဒင်လူငယ်များ၏ စည်းရုံးရေးနည်းစနစ်ကို Green Bike စက်ဘီးနင်းအဖွဲ့ မှတ်ချက်ပြု

အံဒင်လူငယ်များ၏ စည်းရုံးရေးနည်းစနစ်ကို Green Bike စက်ဘီးနင်းအဖွဲ့ မှတ်ချက်ပြု

-

မြန်မာနိုင်ငံ၏ အရပ်ဒေသတိုင်းတွင် အံဒင်ဒေသခံလူငယ်များကဲ့သို့သော စည်းရုံးလှုပ်ရှားမှု နည်းစနစ်များ ရှိသင့်ကြောင်း သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် မွန်နှင့် တနင်္သာရီရှိ ကျေးရွာများသို့ သွားရောက်ခဲ့သည့် Green Bike စက်ဘီးနင်းအဖွဲ့ ဦးဆောင်သူတစ်ဦး ဖြစ်သည့် ကိုသက်နိုင်က မှတ်ချက်ပြုစကားပြောကြားခဲ့သည်။

ကိုသက်နိုင်က “အံဒင်မှာရှိတဲ့လူငယ်လေးတွေက ရပ်ကျေးလူထုကို ပြန်ပြီးစည်းရုံးနိုင်တာမျိုး စတဲ့နည်းစနစ်တွေက မြန်မာပြည်မှာ အကုန်ရှိသင့်တယ်။ မြို့တိုင်းရွာတိုင်းမှာ ရှိသင့်တယ်” ဟု ပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသ (အံဒင်) သည် ကျောက်မီးသွေးလောင်စာသုံး လှျပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် လျာထားခံရသည့်ဒေသတစ်ခု ဖြစ်ပြီး၊ လူငယ်များ၏ စည်းလုံးညီညွတ်မှု စည်းရုံးမှုဖြင့် စီမံကိန်းကို ကန့်ကွက်သည့် လှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့ခြင်း၊ ဒေသစီးပွားရေးစစ်တမ်း ပြုစုနိုင်ခဲ့ခြင်း၊ ဒီရေတောစိုက်ပျိုးရန် ပြင်ဆင်ထားရှိမှုများ စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများကို တွေ့မြင်ရပြီးနောက် မှတ်ချက်ပြု ပြောဆိုခြင်း ဖြစ်သည်။

Green Bike စက်ဘီးနင်းအဖွဲ့(AK)
Green Bike စက်ဘီးနင်းအဖွဲ့(AK)

ကိုသက်နိုင် က “ကျွန်တော်တို့လည်း သူတို့ကို သေချာအားပေးခဲ့တယ်၊ သူတို့က မြန်မာပြည်မှာ ထိပ်ဆုံးကပဲ၊ ကျွန်တော့်အသိ အဖွဲ့အစည်းတွေကိုလည်း သွားလေ့လာဖို့ ပြောရဦးမယ် ” ဟု ပြောသည်။

Green Bike အဖွဲ့သည် အဖွဲ့၀င် ၈ ဦး၊ ရေးမြို့မှ လိုက်ပါစီးနင်းသူ ၂ ဦး စုစုပေါင်း ၁၀ ဦးဖြင့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့မှ စတင်ထွက်ခွာခဲ့ပြီး ယင်းနေ့ နေ့လယ်ပိုင်းတွင် ရေးမြို့မှတဆင့် ဖာလိန်ဒေသသို့ သွားရောက်ကာ ဒေသခံများအား တွေ့ဆုံအားပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။

အံဒင်ဒေသခံလူငယ်တစ်ဦး ဖြစ်သည့် မိစိုက်စွမ် (ခ) မိသီရိဦး ကလည်း မိမိတို့ ဒေသအရောက် လာရောက်အားပေးစကား ပြောကြားသည့် Green Bike အဖွဲ့ကို အထူးကျေးဇူးတင်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တတ်နိုင်သည့်ဖက်မှ လက်တွဲကြိုးစားလှုပ်ရှားသွားမည် ဖြစ်ကြောင်း ပြောသည်။

Green Bike အဖွဲ့သည် ၎င်းတို့ သွားရောက်ရာ လမ်းတလှျောက်ရှိ ကျေးရွာများသို့ ရောက်ရှိစဉ် ဒေသခံများနှင့် တွေ့ဆုံရာတွင် စက်ဘီးစီးရေး အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှုိးဆော်မှုများ ပြုလုပ်ခဲ့ကြသည်။

“စက်ဘီးကို ပြန်စီးဖို့ အားပေးတယ်။ ခုက ကာဗွန်ထုတ်လုပ်မှုက များလာပြီလေ၊ စက်ဘီးက ကာဗွန်လှျော့ချဖို့၊ ကျန်းမာရေးအတွက် ကောင်းဖို့၊ ဓါတ်ဆီဒီဇယ်သုံးတာကို လှျော့ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ ထွက်ငွေကိုလည်း လှျော့ချပြီးသား ဖြစ်သွားတယ်” ဟု ကိုသက်နိုင်က ပြောသည်။

Green Bike အဖွဲ့သည် စက်ဘီးနင်း လှုပ်ရှားမှုကို ၂၀၁၀ ခုနှစ်မှ စတင်ခဲ့ပြီး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်မည့် ဒေသများသို့ စက်ဘီးများဖြင့် သွားရောက်ကာ ဒေသခံပြည်သူများအား အားပေးခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို ဆွေနွေးခြင်းများ ပြုလုပ်ခဲ့သည်။

၎င်းတို့အဖွဲ့သည် ပြည်၊ သရေခေတ္တရာမြို့ဟောင်း၊ ထား၀ယ်၊ တောင်ကြီး၊ ပင်လောင်း၊ ပေါင်းလောင်း၊ ဖယ်ခုံ၊ မြစ်ဆုံသို့လည်း စက်ဘီးစီးနင်း လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး၊ ဝါသနာတူကာ ပတ်၀န်းကျင်အား ထိန်းသိမ်းလိုစိတ် ရှိသူများနှင့်လည်း လက်တွဲပူးပေါင်းနိုင်ခဲ့သည်ဟု Green Bike အဖွဲ့က ပြောသည်။

ယခုအကြိမ် လှုပ်ရှားမှုခရီးစဉ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မရမ်းချောင်းဒေသအထိ စက်ဘီးစီးနင်းခဲ့ပြီး၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့ထိ လေးရက်တာ ကြာမြင့်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts