Friday, March 13, 2026
More
    spot_img
    Homeသတင်းအံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ခွင့်ပြုခြင်းသည် ဒေသခံတို့၏ဆန္ဒကို ဥပက္ခော ပြုခြင်းဟု ပြော

    အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းကို ခွင့်ပြုခြင်းသည် ဒေသခံတို့၏ဆန္ဒကို ဥပက္ခော ပြုခြင်းဟု ပြော

    -

    အံဒင်လူငယ်အဖွဲ့နှင့် M3i ရှင်းလင်းပွဲ(IMNA)
    အံဒင်လူငယ်အဖွဲ့နှင့် M3i ရှင်းလင်းပွဲ(IMNA)
    အာကာ – အံဒင်ကျောက်မီးသွေး လောင်စာသုံး လှျပ်စစ်ဓါတ်အားပေး စီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက တိုယိုထိုင်းကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်ခွင့်

    သဘောတူစာချုပ် (MoA) လက်မှတ် ရေးထိုးလိုက်ခြင်းသည် ဒေသခံများ၏ ဆန္ဒကို ဥပေက္ခာပြုခြင်း ဖြစ်ကြောင်း အံဒင်လူငယ်အဖွဲ့နှင့် M3i (Mon Multi- Media Institute) တို့က ပြောသည်။

    အောက်တိုဘာလ ရ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်၌ အံဒင်လူငယ်အဖွဲ့နှင့် M3i တို့ ပူးပေါင်း ပြုလုပ်သည့် “ကျောက်မီးသွေးသုံး လှျပ်စစ်ဓါတ်အားပေးစက်ရုံဆိုင်ရာ ပြည်ပလေ့လာရေး ခရီးစဉ်အပေါ် အမြင်သဘောထား သုံးသပ်ချက် ရှင်းလင်းပွဲ” တွင် အံဒင်လူငယ်တစ်ဦး ဖြစ်သူ မင်းစိုက်ရော့ (ခ) မင်းထိုက် က ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

    လေ့လာရေးခရီးစဉ်တွင် ပါဝင်သူတစ်ဦး ဖြစ်သည့် မင်းစိုက်ရော့ က “ကျွန်တော်တို့ အစီရင်ခံမှာ စီမံကိန်းကို အကောင်အထည်ဖော်သင့်တယ်လို့ ပြောထားတာ မရှိဘူး။ ပြီးတော့ သူတို့ ကုမ္ပဏီ ပထမဆုံး အံဒင်ကို လာတုန်းက လူစုပြီး ရှင်းလင်းပွဲ လုပ်တယ်။ အဲဒါကို ဓါတ်ပုံတွေ အသေအချာ ရိုက်သွားတယ်။ ဒါကို သူတို့ကို ထောက်ခံပါတယ်လို့ လုပ်လိုက်တာ။ အမှန်မှာတော့ ကျွန်တော်တို့ ရွာသားတွေဟာ သွားနားထောင်ရုံသက်သက်ပဲ” ဟု ပြောသည်။

    ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အထက်ပါစီမံကိန်းကို အကောင်အထည်ဖော်မည့် တိုယိုထိုင်းကုမ္ပဏီက ၎င်းတို့ အစီအစဉ်ဖြင့် အံဒင်ဒေသခံများ၊ သတင်းမီဒီယာသမားများ၊ ရေးမြို့နယ်မှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အချို့၊ အစိုးရက စေလွှတ်သည့် ပညာရှင်အချို့ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ဂျပန်နှင့် ထိုင်းနိုင်ငံရှိ ကျောက်မီးသွေးသုံး လှျပ်စစ်ဓါတ်အားပေးစက်ရုံများသို့ လေ့လာရေးခရီး စေလွှတ်ခဲ့သည်။

    အံဒင်လူငယ်အဖွဲ့ ကိုယ်စား မိနီမာဦး ကလည်း “ကျွန်မတို့ ဒေသခံတွေဟာ ဒီစီမံကိန်းကို အစဉ်တစိုက် ကန့်ကွက်လာခဲ့ပါတယ်။ ဒီပွဲကို လုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ကျွန်မတို့ ဒေသခံတွေရဲ့ ဆန္ဒသဘောထားမှန်ကိုလည်း သိစေချင်ပါတယ်။ ပြီးတော့ ဂျပန်ကို သွားရောက်ခဲ့တဲ့ ဒေသခံတွေရဲ့ သဘောထား ဆန္ဒမှန်ကိုလည်း သိစေချင်ပါတယ်” ဟု ပြောသည်။

    ပြည်ထောင်စုအစိုးရက စီမံကိန်းကို အကောင်အထည်ဖော်ရန် တိုယိုထိုင်းကုမ္ပဏီအား ခွင့်ပြုခဲ့ခြင်းသည် သဘာဝပတ်ဝန်းကျင် လူမှုပတ်ဝန်းကျင်စစ်တမ်း (EIA/SIA)၊ ဒေသခံများ၏ ထောက်ခံလက်မှတ်နှင့် ဂျပန်နှင့် ထိုင်းနိုင်ငံရှိ ကျောက်မီးသွေးသုံးစက်ရုံ လေ့လာရေးခရီးစဉ်မှ ထွက်လာသည့် အစီရင်ခံစာတို့ကို ထည့်သွင်းစဉ်စားခြင်း ဖြစ်ပြီး၊ ထိုအချက် သုံးသပ်ချက်လုံးသည် မှန်ကန်မှု မရှိကြောင်း M3i အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် မင်းသန်းဦးက ပြောသည်။

    မင်းသန်းဦး က “လေ့လာရေးခရီးက ပြန်လာတဲ့ သူတွေရဲ့ အစီရင်ခံစာကို ကျွန်တော်တို့ ပြန်လေ့လာတဲ့အခါမှာ စီမံကိန်းကို ထောက်ခံပါတယ်၊ အကောင်အထည်ဖော်သင့်ပါတယ်ဆိုတဲ့ အစီရင်ခံစာတစ်စောင်မှ မတွေ့ခဲ့ရပါဘူး” ဟု ပြောသည်။

    ထိုခရီးစဉ်သို့ လိုက်ပါခဲ့သူများနှင့် လိုက်ပါရန် ငြင်းဆန်ခဲ့သူများကို M3i (Mon Multi-Media Institute) က အင်တာဗျူး မှတ်တမ်းတင် ရိုက်ကူးခဲ့ပြီး၊ ထိုမှတ်တမ်းဗီဒီယိုကို ရှင်းလင်းပွဲတွင် ပြသခဲ့သည်။ ၎င်းပြင် အင်တာဗျူးကို အခြေခံထားသည့် သုံးသပ်ချက်စာအုပ်ကိုလည်း ဖြန့်ဝေခဲ့သည်။

    ရှင်းလင်းပွဲသို့ မှတ်တမ်းဗီဒီယိုတွင် ဖြေကြားထားသူများ၊ အံဒင်ဒေသခံများ၊ မွန်သံဃာတော်များ၊ လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့များ၊ မွန်နိုင်ငံရေးပါတီများနှင့် မွန်ပြည်သစ်ပါတီ စသည်တို့မှ စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks