Homeသတင်းစစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် အရပ်ဖက် လူမှုအဖွဲ့အစည်းများ မဖြစ်မနေ လက်တွဲရန်လို

စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန် အရပ်ဖက် လူမှုအဖွဲ့အစည်းများ မဖြစ်မနေ လက်တွဲရန်လို

-

အရှေ့တောင်ဒေသ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးညီလာခံ-မော်လမြိုင်(IMNA)
အရှေ့တောင်ဒေသ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးညီလာခံ-မော်လမြိုင်(IMNA)

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန်အတွက် မြန်မာနိုင်ငံ အရှေ့တောင်ဒေသ အရပ်ဖက်လူမှုအဖွဲ့အစည်းများ မဖြစ်မနေ လက်တွဲသွားကြမည်ဟု မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကျင်းပသည့် ၎င်းတို့၏ ငြိမ်းချမ်းရေးညီလာခံက ဆုံးဖြတ်ခဲ့သည်။

ညီလာခံအပြီး ထုတ်ပြန်ချက်တွင် “မြန်မာနိုင်ငံ အရှေ့တောင်ဒေသရှိ အရပ်ဘက်အဖွဲ့အစည်းများသည် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန်နှင့် ထိရောက်အောင်မြင်သော လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အနာဂတ်၌ အတူတကွ စည်းလုံးညီညွတ်စွာ လက်တွဲရေးသည် မဖြစ်မနေ လိုအပ်သည်ဟု တညီတညွှတ်တည်း သဘောထားချမှတ် နိုင်ခဲ့ပါသည်” ဟု ပါရှိသည်။

စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကျင်းပသည့် ယင်းညီလာခံသို့ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများရှိ အရပ်ဖက် လူမှုအဖွဲ့အစည်း စုစုပေါင်း ၁၁၄ ဖွဲ့မှ ကိုယ်စားလှယ်များ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း ၁၄ ဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၅၅ ဦး တက်ရောက်ကြသည်။

တိုင်းရင်းသား လက်နက်ကိုင် အဆင့်မြင့် ညှိနှိုရေးအဖွဲ့ (SD) ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် က “တစ်နိုင်ငံလုံး အပစ်ရပ်ပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးပွဲနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ကြပါ” ဟု ညီလာခံ ဒုတိယနေ့တွင် တိုက်တွန်းသည်။

၎င်းအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသည့် အဖွဲ့အစည်းအသီးသီးကိုလည်း တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသည့် ဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်နိုင်ရန် ပြည်သူလူထု၏ ဘဝအာမခံမှု ရှိစေမည့် စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်ပါရန် ညီလာခံက တိုက်တွန်းထားသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က “ကျွန်တော်တို့ကလည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ချင်လို့ ကျွန်တော်တို့ အသက်တွေ ဘဝတွေ စွန့်နေရတာ ဖြစ်ပါတယ်” ဟု ညီလာခံတွင် ပြောကြားသည်။

ညီလာခံတွင် အရပ်ဘက်အဖွဲ့အစည်းများက ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မိမိတို့ဒေသ၌ ဖြစ်ပေါ်နေသည့် နောက်ဆုံးအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဆိုင်ရာ အမြင်သဘောထား စာတမ်းများကိုလည်း တင်းသွင်းဖတ်ကြားခဲ့သည်။

၎င်းပြင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် မြေယာစီမံခန့်ခွဲမှုပြဿနာများ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် မူးယစ်ဆေးဝါးပြဿနာများ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အရပ်သား အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးကဏ္ဍ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းများ၊ ငြိမ်းချမ်းရေးနှင့် Human Security ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts