spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းရေးမြို့ အဝေးပြေးကားဝင်း အဆင့်မြှင့်တင်ရန် ရေးအခြေပြု ကောင်းစုအေးကုမ္ပဏီတင်ဒါရွေးချယ်ခံရ

    ရေးမြို့ အဝေးပြေးကားဝင်း အဆင့်မြှင့်တင်ရန် ရေးအခြေပြု ကောင်းစုအေးကုမ္ပဏီတင်ဒါရွေးချယ်ခံရ

    -

    လက်ရှိရေးမြို့ အဝေးပြေးကားဝင်း (IMNA)
    လက်ရှိရေးမြို့ အဝေးပြေးကားဝင်း (IMNA)
    ရေး၊ စက်တင်ဘာ ၂၀
    ရေးမြို့ အဝေးပြေးကားဝင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် တင်ဒါခေါ်ယူရာတွင် လျှောက်ထားသည့် ကုမ္ပဏီ ၂ ခုအနက် ကောင်းစုအေးကုမ္ပဏီအား ရွေးချယ်ခဲ့ကြောင်း ရေးမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

    ယင်းစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ရာမညကုမ္ပဏီက ကျပ် ၉၈၃၀ ဒသမ ၂ သိန်းနှင့် ကောင်းစုအေးကုမ္ပဏီက ၆၄၅၀ သိန်းဖြင့် လျှောက်ထားခဲ့သော်လည်း စိစစ်သုံးသပ်ပြီးနောက် ရေးမြို့ အခြေပြု ကောင်းစုအေးကုမ္ပဏီအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

    ရေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးနှင့် မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးသိန်းသန်းစိုး က “ကုမ္ပဏီတွေရဲ့ ပရိုင်ဖိုင်တွေ၊ လုပ်ငန်းအဆိုပြုပုံစံတွေ၊ တွက်ချက်မှုတွေကို ကြည့်ပြီးတော့ အမှတ်ပေးရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

    စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရေးမြို့နယ် စည်ပင်သာယာရေးကော်မတီရုံးခန်း၌ တင်ဒါကြေညာခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် စည်ပင်ကော်မတီများက ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

    ကောင်းစုအေးကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ဇော်နေဝင်း က “ဒီလုပ်ငန်းမှာ ခရီးသည်တွေရဲ့ နားနေဆောင်တွေ၊ ကော်မတီရုံးခန်းတွေ၊ ခြံစည်းရိုး ကာတာတွေ၊ သန့်စင်ခန်း၊ ရေ၊ မီး၊ အဝေးပြေးပရဝုဏ် ကွန်ကရစ်ခင်းလုပ်ငန်းတွေ ပါပါ့မယ်။ ကိုယ့်နေရပ်လည်း ဖြစ်တော့ စေတနာထားပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးသွားပါ့မယ်” ဟု ပြောသည်။

    ၎င်းပြင် မိမိတို့ ကောင်းစုအေးကုမ္ပဏီအနေနှင့် ရေးမြို့နယ် ဖွံ့ဖြိုးရေးအတွက် ငွေကျပ်သိန်း ၁၀ဝ ကို ရံပုံငွေ ထည့်ဝင်ပေးမည်ဖြစ်ကြောင်းလည်း သူက ပြောသည်။

    ကောင်းစုအေးကုမ္ပဏီသည် သံဖြူဇရပ် အဝေးပြေးကွင်း ပြန်လည်တည်ဆောက်ရန်လည်း တင်ဒါရရှိခဲ့သည့် ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။

    တင်ဒါအောင်သည့် ကုမ္ပဏီကို ပြည်နယ်အစိုးရထံ တင်ပြပြီး ကုမ္ပဏီနှင့် စာချုပ် ချုပ်သွားမည် ဖြစ်ကြောင်း၊ ကုမ္ပဏီအနေနှင့် ၆ လအတွင်း အဝေးပြေးကားဝင်းကို အပြီးဆောက်လုပ်သွားရမည် ဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးပါက မြို့ထဲရှိ ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ကားများ အဝေးပြေးဂိတ်တွင်သာ ရပ်နားခွင့် ပေးတော့မည် ဖြစ်ကြောင်း စည်ပင်အမှုဆောင်အရာရှိက ပြောသည်။

    ဧရိယာ ၄.၃ ဧကခန့် ကျယ်ဝန်းသည့် ထိုအဝေးပြေးကားဝင်းကို ၁၉၉၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး၊ ရေးမြို့နယ်အတွင်း ခရီးသည်တင်ယာဉ်လိုင်း ၁၂ လိုင်းနှင့် ကုန်တင်ကုန်ချယာဉ်များ စုစုပေါင်း အစီး ၂၀ ကျော် ဝင်ထွက်ရပ်နားလျက် ရှိပြီး ထပ်မံပြေးဆွဲရန် လျှောက်ထားသည့်ယာဉ်လိုင်းများလည်း ရှိကြောင်း သိရသည်။

    ရေးမြို့ အဝေးပြေး ကားဝင်းသည် ရန်ကုန် – မြိတ် အဝေးပြေးလမ်းမပေါ်တွင် တည်ရှိပြီး၊ တနင်္သာရီတိုင်းမှ ရန်ကုန်သို့ ပြေးဆွဲသည့် အဝေးပြေး ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်များအတွက် ခရီးတစ်ထောက် နားခိုရာလည်း ဖြစ်သည်။

    လက်ရှိကားဝင်းနေရာသည် ကျဉ်းမြောင်းပြီး၊ စာသင်ကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိခြင်းကြောင့် အဆင့်မြှင့်တင်ခြင်းထက် အခြားကျယ်ဝန်းပြီး သင့်တော်သည့်နေရာတွင် ဆောက်လုပ်ပေးစေလိုသည်ဟု ကုန်ကားပိုင်ရှင်များက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks