spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းNBF ပါတီ မော်လမြိုင်တွင်အစည်းအဝေးကျင်းပ

    NBF ပါတီ မော်လမြိုင်တွင်အစည်းအဝေးကျင်းပ

    -

    ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ပူးပေါင်းဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Brotherhood Federation- NBF) ပါတီ (၂၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ပြီးခဲ့သည့်မေလ ၂၅ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်ခန်းမ၌ ကျင်းပခဲ့သည်။

    ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း ဒါရိုက်တာ- ဒေါ်ချင်းချင်း က “ပထမအချက်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထားဆွေးနွေးပါတယ်၊ ဒုတိယအချက်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အခါ NBF က မဟာဗျုဟာ ကျကျနဲ့ဘယ်လိုသွားကြမလဲ၊ ဒီအချိန်မှာ NBF ကိုသွေးခွဲချင်တဲ့ ပုဂ္ဂိုလ်တွေရော၊ အဖွဲ့အစည်းတွေရော များတယ်၊ NBF အနေနဲ့ လက်တွဲပြီးတော့ ပြည်နယ်အခြေစိုက် ပါတီအားလုံးက ကိုယ့်ပြည်နယ်တွေမှာ NBF က အစိုးရဖွဲ့နိုင်ဖို့ အဓိကထားဆွေးနွေးကြတယ်” ဟု ပြောသည်။

    အဆိုပါအစည်းအဝေးသို့ ပြည်နယ်အသီးသီးက NBF အဖွဲ့ဝင် ကိုယ်စားလှယ် ၅၀ ခန့်နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ကိုယ်စားလှယ်များအများစု တက်ရောက်ခဲ့ကြသည်။

    အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးလှုပ်ရှားမှုအခြေအနေ၊ တိုင်းရင်းသားများ တန်းတူညီမျှ အခွင့်အရေးအပြည့်အဝရရှိရေး၊ သယံဇာတခွဲဝေသုံးစွဲရေး နှင့် ၂၀၁၅ ရွေးကောက်ပွဲ အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    NBF အစည်းအဝေးတွင် တိုင်းရင်းသားပါတီများတွေ၏ သဘောထားမျာကိုရယူပြီး သဘောထားထုတ်ပြန်ကြေငြာချက်ထုတ်ပြန်ခဲ့ရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (Nationwide Ceasefire Accord- NCA) ကို အပြီးသတ်၍ အမြန်ဆုံးလက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ကို အမြန်ဆုံးရေးဆွဲရန်နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ပါရှိသည်။

    ထို့အပြင် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) အဖွဲ့ဝင်ပါတီများအနေဖြင့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိအနည်းဆုံး မြို့နယ်ပေါင်း (၁၆၁) မြို့နယ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည့်ကိစ္စ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်မှ ရွေးချယ် တင်မြှောက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၆၁) အား ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကာလမတိုင်မီ ပြင်ဆင်ပေးရန် စသည့်အချက်များ ပါဝင်သည်။

    “မွန်ပြည်နယ်မှာ လွှတ်တော်အမတ် (၃၁) ဦးရှိပါတယ်၊ မဲရွေးခံပြီးတက်လာတာက (၂၃) ယောက်ရှိပြီး မဲမရွေးဘဲ စစ်တပ်က (၈) ယောက် ရှိပါတယ်။ ဒီ (၃၁)ယောက်ထဲမှာမှ သူ့ဒေသနဲ့သူ မဲရွေးခံပြီး ဝန်ကြီးချုပ်ဖြစ်လာနိုင်ဖို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၆၁) ကိုပြင်ဆင်ပေးမှသာ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စု ဖြစ်လာမယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင် နိုင်ကွန်းချမ်းက ပြောသည်။

    NBF သည် တိုင်းရင်းသားပါတီ (၂၁) ပါတီဖြစ် ပူးပေါင်းထားခြင်းဖြစ်ပြီး တိုင်းရင်းသား ဒေသများတွင် အခါအားလျော်စွာ အလှည့်ကျအစည်းအဝေးပွဲများ ကျင်းပခဲ့ခြင်းဖြစ်သည်။အလားတူ (၂၃) ကြိမ်မြောက်အစည်းအဝေးကို ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင်လည်းကောင်း၊ မေလ (၂၅) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့များအပြင် ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်များတွင်လည်း ဆက်လက်လုပ်ဆောင်သွားဖြစ်ကြောင်း
    NBF တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks