လူသတ္တဝါတို့၏ သဘောသဘာဝအလျှောက် ဇရာညောင်းအရွယ်လွန်မြောက်၍ ဘဝတစ်ပါးသို့ ပြောင်းရသည့်အခါ ခင်မင်ရင်းနှီးသိကျွမ်းဘူးသူအားလုံး နှမြောတသဖြစ်ကြရစမြဲပင်။ ထိုကဲ့သို့ပင် ပြီးခဲ့သည့်သီတင်းပတ်တွင် ကွယ်လွန်သူ ဆရာကြီးနိုင်ထွန်းသိန်းအား မွန်တစ်မျိုးသားလုံး ဝမ်းနည်းပူဆွေးမှု ဖြစ်ကြရပေသည်။
အဘယ်ကြောင့်ဆိုသော် ဆရာကြီးသည် အဖွဲ့အစည်းတစ်ဖွဲ့၊ ပါတီတစ်ခုတစ်ပါတီ၏ ခေါင်းဆောင်ချည်းသမကသော မွန်အမျိုးသားခေါင်းဆောင်ကြီးပင် ဖြစ်နေပေသည်။
ဆရာကြီး၏ အမွေကောင်းများဆက်ခံခဲ့ကြသူများစွာရှိခဲ့သည့်အလျောက် ဆရာကြီး၏ပညာ၊ အတွေးအခေါ် အမြင်သဘောတရားများစွာ မွန်အမျိုးသားလူငယ်များတွင် ကျန်ရစ်ခဲ့သည်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကတည်းက ပေါ်ထွန်းခဲ့သော “ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်” တွင် အထွေထွေအတွင်းရေးမှူးတာဝန်ယူ ထမ်းဆောင်ခဲ့သူဆရာကြီးသည် မွန်နိုင်ငံရေးမျိုးဆက်သစ်ခေါင်းဆောင်များစွာကို မွေးထုတ်နိုင်ခဲ့သူလည်း ဖြစ်ပေသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလကပင် ကျိုက်ခမီခရိုင်( ၈ မြို့နယ်) တွင် အစိုးရခန့်အပ်သော မွန်ပညာအုပ်ဘဝဖြင့် တာဝန်ထမ်းဆောင်ခဲ့ဘူးသူ ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစကာလတွင်ပင် မွန်တိုင်းရင်းသားတို့အား အုပ်ချုပ်သူအစိုးရတို့ နည်းမျိုးစုံဖိနှိပ်အုပ်စိုးခဲ့မှုကြောင့် ဆရာကြီးသည် မိမိပညာဂုဏ်နှင့် မိသားစုတို့၏ကြွယ်ဝချမ်းသားမှုတို့ကို လစ်လျူပြုကာ မွန်ပြည်သူ့တပ်ဦးသို့ ဝင်ရောက်ကာ မွန်တော်လှန်ရေးသမားတစ်ဦးအဖြစ် ခံယူခဲ့သည်။
မွန်အမျိုးသားလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို စတင်သန္ဓေတည်ခဲ့သော မွန်ပြည်သူ့တပ်ဦးသည် ၁၀ နှစ်ကြာကာလတွင်ပင် ဝန်ကြီးချုပ်ဦးနု၏ ဖဆပလအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြသည်။ ထိုနောက် အစိုးရနှင့် သဘောတူညီချက်ရယူကာ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်(၁၉၅၈-ခုနှစ်) သည့် ကျွေးကြွော်သံဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်ပြီး မွန်ပြည်နယ်ပေါ်ထွန်းရေးအတွက် ဆက်လက်တောင်းဆိုခဲ့ပြန်သည်။
သို့ရာတွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ ထောင်ကျသည်မှာ ထူးဆန်းသောအကြောင်းအရာဟု မဆိုကြပါ။ ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီးနောက် ထင်ရှားသော မွန်ခေါင်းဆောင်များနှင့်အတူ ဆရာကြီးထောင်ကျခံခဲ့ရသည်။ တဖက်တွင်လည်း အစိုးရသည် ပေးခဲ့သောအဆိုပါငြိမ်းချမ်းရေးသည် ရွှေရည်စိမ်ငြိမ်းချမ်းရေးဟု ရှုမြင်နိုင်သည်။
တဖက်တွင်လည်း မွန်ပြည်သစ်ပါတီပေါ်ထွက်လာက လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဖြင့် မွန်အမျိုးသားလွတ်မြောက်ရေးခရီးကို ဆက်လက်ချီတက်ခဲ့ပြန်သည်။
ဆရာကြီးနိုင်ထွန်းသိန်းသည် ဘက်စုံတွင်ကျွမ်းကျင်သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ နိုင်ငံရေးတွင်သာမက မွန်စာပေ၊ မွန်သမိုင်း၊ မွန်ကျောက်စာ သုတေသနလုပ်ငန်းများတွင်လည်း ဆရာတစ်ဆူဖြစ်ပေသည်။ သူသည် နိုင်ငံရေးလှုပ်ရှှားမှုမပြုနိုင်သောကာလများတွင် သမိုင်းသုတေသနစာတမ်းပြုစုခြင်း၊ အဘိဓါန်ကျမ်းများရေးသားခြင်းနှင့် မွန်ကျောက်စာသင်တန်းများကို နှစ်လရှည်ကြာစွာ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
ဗိုလ်ချုပ်နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ခေတ်တလျောက်လုံး၌ နိုင်ငံရေးလှုပ်ရှားမှုများ ပိတ်ပင်ခံခဲ့ရသည်။ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း၊ တောင်ဘက်မုခ်ရှိ မွန်ဓမ္မာရုံတွင် စနေ၊တနင်္ဂနွေနေ့တိုင်း ဆရာကြီးလာရောက်ပြီး တက္ကသိုလ်မွန်ကျောင်းသားများ၊ မွန်ရဟန်းသံဃာတော်များ၊ မွန်စာပေယဉ်ကျေးအသင်းဝင်တို့အား မွန်သမိုင်းဆိုင်ရာများကို အမြဲတမ်းလိုလို ဆွေးနွေးပို့ချပေးခဲ့သည်။
၁၉၈၈ လူထုအုံကြွမှုအပြီး ပါတီစုံဒီမိုကရေစီစနစ် ပေါ်ထွန်းလာသောအခါ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဥက္ကဌအဖြစ် ဆရာကြီးဦးဆောင်ခဲ့သည်။ ဆရာကြီး၏ ဦးဆောင်မှုအောက်တွင် မွန်နိုင်ငံရေးသမားများ ဝန်းရံလိုက်ပါခဲ့သည်။ တတ်သိပညာရှင်များ၊ ရဟန်းသံဃာတော်များ၊ မွန်မျိုးချစ်ပုဂ္ဂိုလ်များက ၁၉၉၀ ပါတီစုံရွေးကောက်ပွဲဝင်ရန် ဆရာကြီးအား တိုက်တွန်းအားပေးခဲ့ကြသည်။ ဆရာကြီးနှင့်အတူ မွန်အမျိုးသားဒီမိုကရေစီအမတ်လောင်းများ မဲအနိုင်ရရှိခဲ့သော်လည်း နဝတစစ်အစိုးက အာဏာမလွဲအပ်ခဲ့ပေ။ နောက်ဆုံးတွင် ၁၉၉၂ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အား နဝတစစ်အစိုးရက တရားဝင်ပါတီမှဖျက်သိမ်းကာ ဆရာကြီးနှင့် ပါတီခေါင်းဆောင်တို့အား ဖမ်းဆီးထောင်ချလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် ဆရာကြီးဘဝတစ်ပါးသို့ ကူးပြောင်းခဲ့ပေပြီ၊ ဆရာကြီးကဲ့သို့ မွန်ခေါင်းဆောင်များ ရှားပါးနေပါသည်။ ဆရာကြီးသည် အတွေးအခေါ်အမြော်အမြင်ကြီးမားသူဖြစ်သည့်အလျောက် မွန်အမျိုးသားရေးကို ဘဝတစ်သက်တာလုံး တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သည် ဖြစ်သည်။ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များ အတုယူစရာခေါင်းဆောင် တစ်ဦးဖြစ်ပေသည်။
ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်ဟူသည်မှာ ဆရာကြီးကဲ့သို့ မြင့်မြတ်သော သဘောထားမရှိကြပါက ပြန့်ကြဲနေသော မွန်အင်အားစုတရပ်လုံးအတွက် ဝန်လေးစရာပင်ဖြစ်မိပါကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သုံးသပ်လိုက်ပေသည်။