Homeသတင်းနိရဉ္စရာသတင်းဂျာနယ် ထုတ်ဝေခွင့်ရရှိ

နိရဉ္စရာသတင်းဂျာနယ် ထုတ်ဝေခွင့်ရရှိ

-

Burma News International (BNI) အဖွဲ့ဝင်ဖြစ်သည့် နိရဉ္စရာသတင်းဌာနက မြန်မာဘာသာ သတင်းဂျာနယ် ယခုရက်ပိုင်းအတွင်း ထုတ်ဝေခွင့် ရရှိပြီဖြစ်ကြောင်း အယ်ဒီတာချူပ် ကိုခိုင်မြကျော် က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

“ဇန်နဝါရီလ ၂၉ ရက်နေ့က တင်ပါတယ်၊ ခွင့်မပြုခဲ့ပါ၊ အောက်တိုဘာလ ၂၇ ရက်နေ့က ထပ်တင်ပါတယ်။ ဒီလ ၇ ရက်နေ့မှာ ခွင့်ပြုချက်ပါတယ်၊ အရင်တစ်ခေါက် တင်တုန်ကတော့ ဝန်ကြီးဦးရဲထွဋ်က စာနယ်ဇင်း နည်းဥပဒေ စောင့်ပါဆိုလို့ ကျနော်တို့ စောင့်လိုက်တယ်၊ အခုတော့ နည်းဥပဒေလည်း ထွက်ပြီးဆိုတော့ နောက်တစ်ခေါက် ကျနော်တို့ကို တင်ခိုင်းတာပါပဲ” ဟု ကိုခိုင်မြကျော်က ဆိုသည်။

နိရဉ္စရာသတင်းဌာနကို ၂၀ဝ၂ ခုနှစ်တွင် အင်တာနက် Online ဝဘ်ဆိုက်ဖြင့် စတင်တည်ထောင်ထားခဲ့ရာ သတင်းဂျာနယ် ထုတ်ဝေခြင်းကို လာမည့် ဒီဇင်ဘာလမှစ၍ တစ်လလျှင် ၂ ကြိမ် မြန်မာဘာသာဖြစ် ထုတ်ဝေသွားမည် ဖြစ်သည်။

သူက “ကျနော်တို့ ရခိုင်ပြည်နယ်ကို အဓိကထားပြီး ဖြန့်ဝေသွားမယ်၊ ပြီးတော့ ရခိုင်လူမျိုးတွေရှိတဲ့ နေရာတွေကိုလည်း ဆက်ပြီး ဖြန့်ဝေသွားမယ်၊ ဒီသတင်းဂျာနယ်မှာတော့ ရခိုင်ပြည်နယ်က သတင်းတွေရယ်၊ ရခိုင်ပြည်နယ်နဲ့ ဆက်စပ်တဲ့ ဆောင်းပါးတွေ သတင်းတွေကိုလည်း ဒီမှာ ဖော်ပြသွားမှာပါ” ဟု ပြောသည်။

တိုင်းရင်းသားသတင်းမီဒီယာအဖွဲ့များစုစည်းထားသည့် BNI အဖွဲ့ဝင်များအနက် မွန်၊ ရှမ်း၊ ချင်း၊ ကရင် စသည့် တိုင်းရင်းသား ဒေသအခြေပြုသည့် သတင်းဂျာနယ်ထုတ်ဝေခွင့် ရရှိထားပြီး ဖြစ်ကြောင်း၊ ကျန်သည့် အဖွဲ့များမှလည်း ထုတ်ဝေခွင့်ရရှိရန် ကြိုးစားလျှက်ရှိကြောင်း BNI Managing Director ဦးဇင်လင်းက ဆိုသည်။

“နိရဉ္စရာက တစ်နှစ်နီးပါ စောင့်လိုက်ရတာ၊ တိုင်းရင်းသားဒေသတွေမှာက တကယ်တိုင်းပြည်မှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ သတင်းအချက်အလက်တွေကို မရရှိပဲ နောက်ကျကျန်နေတယ်၊ တကယ်လို့ ဒီလို တိုင်းရင်းသားဒေသတွေမှာ အခြေပြုတဲ့ သတင်းဂျာနယ်တွေက ကျေးရွာတွေအရောက် ဖြန့်ပေးနိုင်မယ်ဆိုရင်တော့ ဘာပဲပြောပြော သူတို့အတွက် အမြင်ကျယ်လာတယ်၊ ဗဟုသုတ များလာမယ်” ဟု ဦးဇင်လင်းက ဆက်ရှင်းပြသည်။

သို့ရာတွင် တိုင်းရင်းသားဒေသများ သတင်းဂျာနယ် ထုတ်ဝေခွင့်ပြုသော်လည်း သတင်းမီဒီယာ လွတ်လပ်ခွင့် အပြည့်အဝ ရရှိပြီးဟု မပြောနိုင်သေးကြောင်း ၊ ယခင်အချိန်နှင့် နှိုင်းယှဉ်လျှင် အသင့်အတင့် ရရှိလာပြီး ဖြစ်ကြောင်း၊ မီဒီယာ ဥပဒေသစ်ဖြင့် ခွင့်ပြုထားသော်လည်း အစိုးရ၏ သဘောထားနှင့် မကိုက်ညီလျှင် ပြန်လည် ရုပ်သိမ်းနိုင်ကြောင်း၊ အစိုးရမှလည်း ပြည်သူများအတွက် သတင်းအချက်အလက် ရရှိရေးဆိုင်ရ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်ပေးသင့်ကြောင်း ဦးဇင်လင်းက သုံးသပ်သည်။

ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေကို လွန်ခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း၊ ထိုဥပဒေနှင့် အညီ ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာနှင့် အခြားအထွေထွေ ထုတ်ဝေစာများအတွက် အသိအမှတ်ပြုလက်မှတ် လျှောက်ထားခြင်း၊ ထုတ်ပေးခြင်း၊ အခကြေးငွေ ပေးသွင်းခြင်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ စည်းကမ်းများပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ထားသည်။

ယခင် ၁၉၆၂ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေသူများ မှတ်ပုံတင်နည်း ဥပဒေကို ရုတ်သိမ်း၍ ၂၀၁၃ ခုနှစ် ပြန်ကြားရေးဝန်ကြီဌာနမှ ရေးဆွဲသည့် နည်းဥပဒေအသစ်ကို အတည်ပြု ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts