Homeသတင်းမီဒီယာလွဲမှားလျှင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး နားလည်မှုများ ပျက်ပြားနိုင်

မီဒီယာလွဲမှားလျှင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး နားလည်မှုများ ပျက်ပြားနိုင်

-

UPWC နှင့် KIO ဆွေးနွေးပွဲ(Nyo Ohn Myint Facebook)
UPWC နှင့် KIO ဆွေးနွေးပွဲ(Nyo Ohn Myint Facebook)
ခတ္တာနန်း – တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင် မီဒီယာများ၏ လွဲမှားစွာ ရေးသာဖော်ပြမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် နှစ်ဦးနှစ်ဖက် နားလည်မှု ပျက်ပြားစေနိုင်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် KIO ကိုယ်စားလှယ်တို့၏ မေလ ၁၃ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

UNFC အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက “ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်နေတဲ့အချိန်မှာ မီဒီယာတွေက လိုတာထက် ပိုပြီးရေးသားမယ်၊ မမှန်မကန်ရေးသားနေမယ်ဆိုရင် တစ်ဖက်နဲ့ တစ်ဖက် အမုန်းပွားမှုတွေ တိုးလာလိမ့်မယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ ဘီဘီစီမြန်မာပိုင်းထုတ်လွှင့်ချက်၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရေးအတွက် အစိုးရနှင့် ဆွေးနွေးရန် တိုင်းရင်းသားများဘက်က နေ့ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်သည်ဟု သတင်းဖေါ်ပြချက်တစ်ရပ် ပါရှိခဲ့သည်။

နိုင်ဟံသာက “ကျနော့်နဲ့အဲဒီကိစ္စအင်တာဗျူးတုန်းက ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်တာလို့ မပြောခဲ့မိပါဘူး။ မီဒီယာက လွဲမှားတဲ့ ဝေါ်ဟာရကို သုံးလိုက်လို့ပါ။ အမှန်တကယ် ကျွန်တော်ဖြေလိုက်တာက အချိန်ကို ရွှေ့ဆိုင်းလိုက်တယ်။ ဘယ်တော့ပြန်တွေ့မလဲဆိုတာကိုတော့ မသိသေးဘူးလို့ ဖြေလိုက်တာပါ” ဟု ပြောသည်။

မီဒီယာများအနေဖြင့် ထိုသို့လွဲမှားစွာဖော်ပြခြင်းကြောင့် ကချင်ဒေသတွင် စစ်ရေးပြဿနာများ ပိုမိုကြီးထွား စေနိုင်ကြောင်း၊ စစ်ပွဲကြောင့် အပျက်အစီးပိုများလာကြောင်း ၊ တစ်ချို့သောမီဒီယာများတွင် KIA စစ်သားစုဆောင်မှုနှင့်ပတ်သက်ပြီး ပကတိအဖြစ်ထက် ပိုမိုချဲ့ကားရေးသားထားကြောင်း၊ ထိုရေးသားချက်များသည် အစိုးရမီဒီယာများနှင့် အစိုးရပိုင်မဟုတ်သည့် မီဒီယာများအားလုံးကို ရည်ညွှန်းကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

မေလ ၁၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် ပြုလုပ်သည့် UPWC နှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့၏ တစ်ရက်တာတွေ့ဆုံဆွေးနွေးခဲ့စဉ် မီဒီယာများလွဲမှားစွာဖေါ်ပြခဲ့မှုကို ဆွေးနွေးခဲ့ကြောင်း အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်၌ ဖေါ်ပြပါရှိသည်။

ယင်းဆွေးနွေးပွဲအပြီးတွင် တစ်ဖက်လျှင်ကိုယ်စားလှယ် ၅ ဦးပါဝင်မည့် ကချင်ဒေသပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းသွားရန် UPWC နှင့် KIO တို့ သဘောတူခဲ့ကြပြီး လာမည့် မေလ ၂၁ ရက်နေ့တွင် အမည်စာရင်းကို အတည်ပြုသွားမည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၈၊ ၉၊ ၁၀) ရက်နေ့များ၌ UPWC နှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့ နောက်ဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့စဉ် စစ်ဘက်ဆိုင်ရာထိပ်တန်းခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးများ တက်ရောက်ခဲ့သော်လည်း ယခုဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

ယခုဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်အဖွဲ့၊ ဦဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ်အဖွဲ့ အပြင် လေ့လာသူအဖြစ် ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးရုံးမှ Ms. Mariann Hagen၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးသံတမန် Mr. Wang Yingfan၊ NCCT ၊ UNFC ၊ PCG အဖွဲ့ဝင်များနှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ် ၃၉ ဦးတို့ တက်ရောက်ခဲ့ကြသည်။

ယမန်နေ့(မေလ ၁၄ ရက်) တွင်လည်း NCCT/ UNFC အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးသံတမန် Mr. Wang Yingfan တို့ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် တရုတ်ပြည်အကူအညီပေးမည်ဟု Mr. Wang Yingfan က ပြောကြားခဲ့ကြောင်း နိုင်ဟံသာက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts