Homeသတင်းမွန်ပြည်နယ် ရာဘာဈေးနှုန်း ဆက်လက် ကျဆင်းနေ

မွန်ပြည်နယ် ရာဘာဈေးနှုန်း ဆက်လက် ကျဆင်းနေ

-

untitleမင်းသုတ – မွန်ပြည်နယ်၏အဓိကထွက်ကုန်ဖြစ်သော ရာဘာဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း ရာဘာအဝယ်ဒိုင်နှင့် ခြံပိုင်ရှင်များထံမှ သိရသည်။
သံဖြူဇရပ်မြို့ ရာဘာအဝယ်ဒိုင် ကိုစိုးအောင်က “နို့ချောင်းလွတ်နံပါတ် 3 ဒီနေ့ပေါက်ဈေးက တစ်ပေါင်ကို ၆၇၅ ကျပ်ရှိနေတယ်၊ ပြီးခဲ့တဲ့လက တစ်ပေါင်ကျပ် ၇၀ဝ ပေါက်ဈေးအထက်မှာရှိခဲ့တယ်၊ ခုမှာတော့ ဝယ်တဲ့သူတွေက ဝယ်ချင်မဝယ်ချင်ဖြစ်နေတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

အလားတူ ပြည်တွင်းဖိနပ်လုပ်ငန်းသုံးနံပါတ် 3 ရာဘာတစ်ပေါင်ဈေးနှုန်း ၇၄၀ ကျပ်ပေါက်ဈေးရှိသည်ဟု ဆိုသော်လည်း ထိုင်းနိုင်ငံမှထွက်ရှိသည့် နို့ချောင်းလွတ်နံပါတ် 3 မှာ မြန်မာကျပ်ငွေဖြင့် ပေါက်ဈေး ၇၇၀-၇၈၀ ခန့်ရှိနေသည်ဟုလည်း သူကဆိုသည်။

ကိုစိုးအောင်က “နံပါတ် 3 ချင်းတူတူပဲ၊ ဒါပေမယ့် ထိုင်းကထွက်တဲ့ နံပါတ် 3 က မြန်မာရာဘာထက် တစ်ပေါင်ကျပ် ၁၀ဝ လောက်ဈေးကွာဟနေတာက စဉ်းစားစရာဖြစ်နေတယ်” ဟု ပြောသည်။

သံဖြူဇရပ်မြို့၌ လက်ရှိတွင် မှိုင်းခံရာဘာပြားတစ်ပေါင်ပေါက်ဈေး ၆၇၅ ကျပ်နှင့် တစ်ရက်လှန်းရာဘာတစ်ပေါင်ပေါက်ဈေး ၅၅၀ ကျပ်ရှိသည်ဟု ဆိုသည်။

ကမာဝက်မြို့နေ ရာဘာခြံပိုင်ရှင် နိုင်စန်းအောင်က “ရာဘာတစ်ပေါင်ကျပ် ၈၀ဝ လောက်ဈေးရမှ ခြံရှင်ရော လုပ်သားတွေအတွက်ပါ အဆင်ပြေနိုင်မယ်၊ ခုဈေးကျချိန်မှာ ခြံလုပ်သားတွေအဖို့ မိသားစုထမင်းစရိတ်ကာမိယုံလေးပဲ၊ ခုချိန်မှာကျနော်တို့လို ခြံရှင်တွေကျတော့ ဓါတ်မြေသြဇာဝယ်ဖို့ ငွေစိုက်ထုတ်နေရတယ်” ဟု ပြောသည်။

ရာဘာဈေးနှုန်းကျဆင်းနေသဖြင့် မွန်ပြည်နယ်သားများအတွက် ဝင်ငွေအများအပြားကျဆင်းလာနေကြောင်း မွန်ပြည်နယ်ရာဘာခြံလုပ်ငန်းရှင်အသင်းဥက္ကဌ နိုင်ကျန်ရစ်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

နိုင်ကျန်ရစ်က “ကျနော်တို့ရာဘာဈေးကွက်က တရုပ်ကုမ္ပဏီတွေအပေါ်မှာတည်နေတယ်၊ သူတို့သတ်မှတ်တဲ့ဈေးနှုန်းက ပေါက်ဈေးဖြစ်နေတယ်” ဟု ပြောသည်။

အစိုးရ၏တရားဝင်ထုတ်ပြန်သောစာရင်းအရ ရာဘာစိုက်ဧက ၅ သိန်းကျော် ၂၀၁၂-၂၀၁၃ ရာဘာအထွက်တန်ချိန်(၁၀ဝ၂၀၂)တန်ချိန်ရှိသော မွန်ပြည်နယ်သည် မြန်မာနိုင်ငံ၏ရာဘာစိုက်ဧက အများဆုံးပြည်နယ် ဖြစ်သည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၂ ရက် ပေါက်ဈေးအရ ရာဘာဈေး (ရာဘာပြား) RSS- 3 တစ်ပေါင်လျှင် ၁၅၀ဝ ကျပ်၊ RSS – 5 အမျိုးအစား တစ်ပေါင်လျှင် ၁၃၇၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်ဟု 7 Day News Journal သတင်းဖေါ်ပြချက်တွင် ပါရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts