spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျောက်မီးသွေး လျှပ်စစ်စက်ရုံ ဆိုးကျိုးများ လက်ကမ်းစာစောင် ဖြန့်ဝေ

    ကျောက်မီးသွေး လျှပ်စစ်စက်ရုံ ဆိုးကျိုးများ လက်ကမ်းစာစောင် ဖြန့်ဝေ

    -

    လက်ကမ်းစာစောင်(Copy)
    လက်ကမ်းစာစောင်(Copy)
    အေမီအောင် – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီး Toyo Thai ကုမ္ပဏီ၏ မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်စီမံကိန်းဆိုးကျိုးများအတွက် လူထုအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခဲ့သည်ဟု ရေးမြို့နယ်၊ လူမှုအကျိုးဆောင်အဖွဲ့ (YSS) ဥက္ကဌ ဦးမြသန်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ပြောသည်။

    ဦးမြသန်း “ ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်တွေကိုယ်စားလှယ် ကိုယ်တိုင်က ဒီလိုစက်ရုံမျိုးတွေ တည်ဆောက်တာ ကောင်းတယ်၊ အကျိုးရှိတယ်၊ ပြောသွားတော့ ပြည်သူတွေကလည်း အန္တရာယ်မရှိဘူးလို့ ထင်နေကြတာ၊ ဆိုးကျိုး ဘယ်လောက်များသလဲဆိုတာ သိရှိလာစေဖို့ရည်ရွယ်ပြီး ဖြန့်ဝေခဲ့တယ် ”ဟုပြောသည်။

    အဆိုပါ လက်ကမ်းစာစောင်ကို ရေးမြို့နယ်၊ လူမှုအကျိုးဆောင်အဖွဲ့ (YSS) ဦးဆောင်ပြီး၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူစုစုပေါင်း အင်အား (၆၀) ကျော်ခန့်က မေလ ၁၂ ရက်တွင် စတင်ဖြန့်ဝေခဲ့သည်ဟု သူကပြောသည်။

    ရေးမြို့၊ ဒေသခံကိုဝင်းနိုင်သက်က “ မကောင်းဘူးလို့ပဲ အကြမ်းဖျဉ်းပဲသိထားတယ်၊ ဒီလောက်ဆိုးကျိုးရှိလာမယ်လို့တော့ မသိဘူး၊ အခုလက်ကမ်းစာစောင်ဖတ်ရမှ ကျယ်ကျယ်ပြန့်ပြန့် သိလိုက်ရတယ်” ဟုပြောသည်။

    ထိုလက်ကမ်းစာစောင်ဖတ်ရှုရသည့် ဒေသခံများအနေဖြင့် ကျောက်မီးသွေးစက်ရုံတည်ဆောက်မှုပေါ် သံသယ ရှိလာပြီး လုံးဝ မထောက်ခံသည့် အနေထားတွေ့ရှိလာသည်ဟု ကိုဝင်းနိုင်သက်က ဆက်ပြောသည်။

    အဆိုပါ လက်ကမ်းစာစောင်ကို ရေးမြို့ပေါ်နှင့် နှီးနှူ၊ ဂူဟတော၊ ဒူးရား၊ အဘော်၊ အစင်၊ ဇီးဖြူသောင်၊ ဆိပ်ကလေး၊ ဓမင်းဆိပ်၊ အစင်ကျားတန်းစသည့်ကျေးရွာတွင် (၈)ထောင်ကျော်ဖြန့်ဝေခဲ့ပြီး အံဒင်၊ နှီးကရုတ်၊ အံဒင်ငါးမျှားစခန်း၊ သာဂရမ် ကျေးရွာများတွင် ဆက်လက်ဖြန့်ဝေသွားမည်ဟု ဦးမြသန်း က ဆက်ပြောသည်။

    အဆိုပါကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံလည်ပတ်နိုင်ရန် တစ်နေ့လျှင် ကျောက်မီးသွေးတန်ချိန် ၁၂၀ဝ၀ ( ကုန်ကားအစီးရေ ၆၀ဝ ) ပမာဏခန့် မီးရှို့မည်ဖြစ်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန် ၁၂ သန်းခန့်၊ ကန့်အောက်ဆိုဒ် တန်ချိန် ၁၅၀ဝ၀၊ နိုက်ဒရိုဂျင်အောက်ဆိုဒ် ၈၅၀ဝ၊ ကျောက်မီးသွေးပြာမှုန့်များ တန် ၄၀ဝ၀ ခန့်၊ အခြားဓါတုပစ္စည်များဖြစ်သည့် ပြဒါး၊ အာဆင်းနစ်နှင့် ရေဒီယိုသတ္တိကြွ (PM 25) ချော်ကျောက်များ ထွက်ရှိလာမည်ဟု အဆိုပါလက်ကမ်းစာစောင်တွင် ရေးသားဖေါ်ပြထားသည်။

    ထို့အပြင် စက်ရုံအအေးခံရန်စနစ်အတွက် တစ်နာရီလျှင် ပင်လယ်ရေဂါလံပေါင်း (၄.၄) သန်း၊ တစ်နေ့လျှင် ရေပီပါ ၁ သန်း ၁ သိန်းကျော် ပင်လယ်ထဲသို့ စွန့်ထုတ်မည်ဖြစ်ရာ ကမ်းရိုးတမ်းတစ်လျှောက် ရေ၏အပူချိန်သည် မူလထက် ၁၀ ံC ခန့် ပို၍ပူနွေးနေမည် ဖြစ်သည်။

    အကျိုးဆက်အနေဖြင့် ပင်လယ်ရေသတ္တဝါအမျိုးမျိုးသေကြေပျက်စီး၍ ငါးပုဇွန်များရှားပါးလာသည့်အတွက် ပင်လယ်ကမ်းနီးရေလုပ်သားများ အသက်မွေးဝမ်းကြောင်းကြပ်တည်းလာသကဲ့သို့ ဒေသထွန်ကုန်များဖြစ်သည့် စပါး၊ ကွမ်းသီး၊ ရာဘာ စသည့်သီးနှံများသည်လည်း အပူချိန်၊ အက်ဆက်မိုး၊ ပြာမှုန့်၊ မြူခိုးများကြောင့် အထွက်နှုန်းလျှော့ကျလာမည့်အပြင် လေထုမသန့်ရှင်းမှုကြောင့် လူအများ ကျန်းမာရေးချို့တဲ့လာမည်ဟု ဆိုသည်။

    စွန့်ပစ်ထားသည့်ပြာများနှင့် သိုလှောင်ထားသည့် ကျောက်မီးသွေးများမှ ဓာတု အဆိပ်ပစ္စည်းများစွာ ပတ်ဝန်းကျင်အနီးတဝိုက်ရှိ လေမြေ၊ ရေထုထဲသို့ စိမ့်ဝင်လာမှုကြောင့် မြေအောက်ရေများ၌ ဓာတုပစ္စည်းပါဝင်နှုန်း မြင့်မားလာမည်ဟု လက်ကမ်းစာစောင်တွင် ဆက်လက်ဖော်ပြထားသည်။

    BOT စနစ်ဖြင့် အနှစ် ၃၀ လည်ပတ်မည့်အဆိုပါကျောက်မီးသွေးလျှပ်စစ်စက်ရုံတည်ဆောက်ရန် စီမံကိန်းကာလ ၄၈ လ သတ်မှတ်လျာထားပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စက်ရုံတစ်ခုလုံးစတင်လည်ပတ်နိုင်မည်ဟုလည်း ဒေသခံများအားအသိပေးဖြန့်ဝေခဲ့သော TOYO Thai ၏ စီမံကိန်းအကျဉ်းချုပ်စာရွက်၌ ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks