spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကိစ္စ ရှင်းလင်း

    ရေးမြို့နယ် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကိစ္စ ရှင်းလင်း

    -

    ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံနေရာလျာထားချက်(IMNA)
    ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံနေရာလျာထားချက်(IMNA)
    မင်းသုတ – မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီး မဂ္ဂါဝပ် ၁၂၈၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျပ်စစ်စက်ရုံတည်ဆောက်မည့် TOYO THAI ကုမ္ပဏီက ပြီးခဲ့သည့်ဧပြီလ ၂၅ ရက်

    နေ့တွင် ဒေသခံများအား လာရောက် ရှင်းလင်းပြောကြားခဲ့ကြောင်း တက်ရောက် နားထောင်သူများထံမှ သိရသည်။

    အံဒင်ကျေးရွာ အလယ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည့် ယင်းရှင်းလင်းပွဲသို့ မွန်ပြည်နယ် လျှပ်စစ်စွမ်းအားဝန်ကြီး နိုင်လဝီအောင် (နိုင်မြင့်ဆွေ)၊ ရေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိမြင့်မြင့်သန်း၊ TOYO THAI GROUP အကြီးအကဲ မစ္စတာဟိရိယ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အနီးပတ်ဝန်းကျင်တဝိုက် ဒေသခံ ၁၀ဝ ခန့်တက်ရောက်ခဲ့သည်ဟု ရှင်းလင်းပွဲတက်ရောက်ခဲ့သူ မြန်မာနိုင်ငံ သဘာဝ သယံဇာတများ တူးဖော်ထုတ်လုပ်ခြင်း ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး EITI အဖွဲ့ဝင် မိစိုက်စွမ်းက ဆိုသည်။

    မိစိုက်စွမ်းက “စက်ရုံတည်ဆောက်မယ့်နေရာ၊ စက်ရုံပုံစံတွေကို ပြပါတယ်၊ သူတို့ပြောတာက ထွက်လာတဲ့လျှပ်စစ်ဓါတ်အားတွေကို လျပ်စစ်ဝန်ကြီးဌာနကိုရောင်းချသွားမယ်၊ အဲဒီကနေတဆင့် ဘယ်ကိုဆက်ရောင်းမှာကိုတော့ မသိရပါဘူး” ဟု ပြောသည်။

    စက်ရုံတည်ဆောက်မည့်မြေဧရိယာအကျယ်ဝန်း ဧက ၅၀ဝ ခန့်သည် လယ်ကွင်းများဖြစ်ပြီး လက်ရှိမြေကွက်ပေါက်ဈေးတစ်ဧက ငွေကျပ် ၃၀ သိန်းခန့်ရှိသည်ဟု ဒေသခံများပြောကြားချက်အရ သိရသည်။

    ဆက်လက်၍ မိစိုက်စွမ်းက “ဝန်ကြီးနိုင်မြင့်ဆွေနဲ့ အမတ်မိမြင့်သန်းတို့က ရပ်ရွာဖွံဖြိုးဖို့ ဒေသခံတွေစက်ရုံဆောက်လုပ်ခွင့်ပေးဖို့လိုတယ်လို့ပြောတယ်၊ ဆိုးကျိုးဖြစ်ခဲ့ပါက တာဝန်ယူ ဖြေရှင်း ပေးမယ်လို့ဆိုတယ်၊ ဒါပေမယ့် ဘယ်လိုဆိုးကျိုးတွေဖြစ်ပေါ်နိုင်တာကိုတော့ ရှင်းမပြဘူး” ဟု ပြောသည်။

    ယင်းစက်ရုံလည်ပတ်နိုင်ရေးအတွက် တစ်လလျှင်ကျောက်မီးသွေးတန်ချိန် ၃ သိန်း ၆ သောင်းအသုံးပြုမည်ဖြစ်ပြီး စက်ရုံတည်ဆောက်သည့်ကာလအတွင်း တစ်ရက်လျှင်လုပ်သားအင်အား ၆ ထောင်မှ ၁ သောင်း၊ စက်ရုံလည်ပတ်မောင်းနှင်စဉ်ကာလတွင် တစ်ရက်လျှင်ဝန်ထမ်းအင်အား ၂၅၀ ရှိမည်ဟု ၄င်းတို့၏စီမံကိန်းအကျဉ်းချုပ်စာရွက်စာတမ်းအရ သိရသည်။

    ထိုင်းသဘာဝဝန်းကျင်ထိန်းသိမ်းရေးမှ Nai Virawat က “တစ်နှစ်ကို တန်ချိန် ၄၃ သိန်းကျော်အသုံးပြုမယ့် အဲဒီက ကျောက်မီးသွေးဟာ လေထဲကတဆင့် ကာဘွန်ဒိုင်အောက်ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်၊ ပြဒါးတွေ အခြားဓါတုဒြပ်ပေါင်းတွေ အများကြီးလွင့်စင်ထွက်လာမယ်၊ မီးခိုးတွေ လေထဲလွင့်ပါတဲ့ ပြာမှုံတွေအပြင် အသုံးပြုပြီးစွန့်ပစ်ရမယ့်ကျောက်မီးသွေးပုံတွေနဲ့ ပင်လယ်ရေထဲစီးဝင်မယ့် စွန့်ပစ်ရေဆိုးတွေ အားလုံးက အန္တရာယ်တွေပါပဲ” ဟု ဆိုသည်။

    လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်တွင် တည်ဆောက်ခဲ့သော Map Ta Phut ကျောက်မီးသွေးလျှပ်စစ်ဓါတ်အားပေးစက်ရုံကြောင့် ကင်ဆာရောဂါ၊ ချောင်းဆိုးရင်ကျပ်ခြင်း ၊ အရေပြား ယားယံခြင်း၊ သွေးနီဥပျက်စီးခြင်း၊ မှတ်ဉာဏ်ချို့တဲ့သောခလေးများမွေးဖွားခြင်း စသည့်ရောဂါဝေဒနာများ ဒေသခံများခံစားခဲ့ရသည့်အပြင် အပင်များနှင့် စိုက်ပျိုးသီးနှံပင်များ အများအပြားပျက်စီးခဲ့ရသည်ဟုလည်း သူကထောက်ပြခဲ့သည်။

    သို့ရာတွင် Toyo Thai Group အနေဖြင့် သဘာဝန်းကျင်နှင့် ဂေဟထိန်းသိမ်းရေးစနစ်စံညွှန်းကို ဂျပန်နိုင်ငံစံညွှန်းနှင့် ကမ္ဘာ့ဘဏ်စံညွှန်းအတိုင်းကျင့်သုံးမည်ဖြစ်ပြီး လိုအပ်သောကျောက်မီးသွေးများကို သြစတေးလျ၊ တောင်အာဖရိကနှင့် အင်ဒိုနီးရှားနိုင်ငံများမှ ပင်လယ်လမ်းကြောင်းဖြင့် တင်ပို့သွားမည်ဟု စီမံကိန်းအကျဉ်းချုပ်၌ ရေးသားဖေါ်ပြထားသည်။

    အမေရိကန်ဒေါ်လာ သန်း ၂၇၀ဝ တန်ဖိုးရှိ အံဒင်ကျေးရွာအနီး ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံသည် မွန်ကမ်းရိုးတမ်းအနီးတွင်တည်ရှိပြီး တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကိမ်းစီမံကိန်းနှင့် မိုင် ၁၀ဝ ခန့် ဝေးကွာနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts