Homeသတင်းဦးဝင်းတင် ကွယ်လွန်ခြင်းကြောင့် ဘီအန်အိုင် အထူးဝမ်းနည်းကြောင်း မှတ်တမ်းတင်

ဦးဝင်းတင် ကွယ်လွန်ခြင်းကြောင့် ဘီအန်အိုင် အထူးဝမ်းနည်းကြောင်း မှတ်တမ်းတင်

-

တိုင်းရင်းမီဒီယာတို့၏အခန်းကဏ္ဍအပေါ် ဦးဝင်းတင်ပြောကြားစဉ်(Copy)
တိုင်းရင်းမီဒီယာတို့၏အခန်းကဏ္ဍအပေါ် ဦးဝင်းတင်ပြောကြားစဉ်(Copy)
ဂျူရီချိုင်း – စာရေးဆရာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်(အသက် ၈၄-နှစ်) ကွယ်လွန်ခြင်းအတွက် နိုင်ငံတကာ မြန်မာ့သတင်း Burma News International(BNI)မှ ဧပြီလ ၂၁ ရက်နေ့က အထူးဝမ်းနည်းကြေကွဲခြင်း မှတ်တမ်းလွှာတစ်စောင်ကို ထုတ်ပြန်လိုက်သည်။

BNI Development Officer နန်းဖေါဂေက “ဆရာဦးဝင်းတင်ဟာ သတင်းစာဆရာတစ်ဦးလည်း ဖြစ်တယ်၊ သတင်းလောကမှာဆိုလည်း ထင်ရှားတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်၊ နောက်ဒီမိုကရေစီလမ်းကြောင်းမှာလည်း သူကဦးဆောင်တိုက်ပွဲဝင်သူတစ်ဦး ဖြစ်တဲ့အတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ ဒီသဝဏ်လွှာကို ထုတ်ပြန်လိုက်တာပါ” ဟု ပြောသည်။

မြန်မာဒီမိုကရေစီရေးတိုက်ပွဲနှင့် သတင်းစာလွတ်လပ်ခွင့်တိုက်ပွဲတို့၌ ထူးချွန်ထင်ရှားသော ရှေ့ဆောင် လမ်းပြမီးရှူးတန်ဆောင်ဆရာကြီး ဦးဝင်းတင်ကွယ်လွန်ခြင်းသည် မြန်မာသတင်းစာလောကအတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုကြီးဖြစ်သဖြင့် တိုင်းရင်းမီဒီယာသတင်းအဖွဲ့ဖြစ်သည့် BNI အနေဖြင့် အထူးဝမ်းနည်းကြေကွဲခြင်းဖြစ်ရသည်ဟု ဖော်ပြထားသည်။

အလားတူ ပြည်တွင်း ပြည်ပရှိ သတင်းဌာနများနှင့် သတင်းစာဂျာနယ်တိုက်များသည်လည်း ဟံသာဝတီ ဦးဝင်းတင်အတွက် ကြေကွဲဝမ်းနည်းခြင်းသဝဏ်လွှာများနှင့် လွမ်းသူ့ပန်းခွေများကို သွားရောက် ပေးပို့ ဂါရဝပြုခဲ့သည်ဟု ပြည်တွင်းသတင်းများတွင် ရေးသားဖေါ်ပြကြသည်။

ဆရာဦးဝင်းတင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ထူထောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၈၉ ခုနှစ်မှစတင်၍ နိုင်ငံရေးလှုပ်ရှားမှုကြောင့် စစ်အစိုးရက အနှစ် ၂၀ နီးပါးထောင်ချခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။

ဆရာဦးဝင်တင်သည် ဧပြီ ၂၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယုဒသန်ရိပ်သာနှင့် ရေဝေးသုသာန်တို့တွင် အများပြည်သူအတွက် အမှတ်တရဂုဏ်ပြုအခန်းအနားများဖွင့်လှစ်ထားရှိကာ ဧပြီ ၂၃ ရက်(ယနေ့)တွင် ဂူသွင်းသင်္ဂြိုလ်သည်ဟု သိရသည်။

ဆရာကြီးဦးဝင်တင်မကွယ်လွန်မီ ဒုတိယအကြိမ်တိုင်းရင်းမီဒီယာညီလာခံ(တောင်ကြီး) သို့ ပေးပို့သော ဗီဒီယိုတွင် “သေနတ်သံတွေဆိတ်မှသာ ငြိမ်းချမ်းရေးလုပ်လို့ရမှာ၊ အပစ်အခတ်ရပ်စဲရေး သဘောတူပြီးရင် ငြိမ်းချမ်းရေးဆွေးနွေးဖို့အာမခံချက်ရှိရမယ်၊ သို့သော် သဘာဝကျကျပြောင်းလဲသွားတာမဟုတ်ဘဲနဲ့ လာဘ်ထိုးတာ၊ သိကြတဲ့အတိုင်းပဲ မော်တော်ကားတွေနဲ့ လာဘ်ထိုးတာနည်းနည်းနောနောမှမဟုတ်တာ၊ သဘာဝကျကျပြောင်းလဲတာက ကောင်းတယ်၊ ဒါပေမယ့် ခက်နေတာက စစ်တပ်က ရေရောတယ်၊ လက်လိမ်ချိုးတယ်၊ လည်ပင်းညှစ်တယ်၊ လာဘ်ထိုးတယ်၊ ဒါအမြဲတမ်းလုပ်နေကြ၊ ကျနော်စိုးရိမ်မိတယ်၊ အခုငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ နောက်ဆုတ်တယ်တို့၊ ရှေ့တိုးတာတို့ကျနော်သိပ်မထင်ဘူး၊ တော်တော်ဆန်းဆန်းပြားပြားရွေ့တယ်၊ နောက်ဂျွမ်းပစ်ပြီးရွေ့လား၊ ဘာလားတော့မသိဘူး၊ ဒါပေမယ့် သဘာဝကျကျနဲ့ နိုင်ငံရေးအဂတိလိုက်စားမှုမရှိဘဲနဲ့ ရွေ့သွားစေချင်တယ်” ဟု ဟောပြောထားသည်ကို ကြည့်ရှုခဲ့ရသည်။

BNI ကကြီးမှူး၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ပြီးခဲ့သည့်မတ်လဆန်းပိုင်းအတွင်း ဒုတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံတွင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တိုင်းရင်းမီဒီယာတို့၏အခန်းကဏ္ဍအပေါ် ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် အထက်ပါအတိုင်း အမှာစကားထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာမြန်မာသတင်း BNI သည် တိုင်းရင်းသားဒေသမှသတင်းများနှင့် အဖြစ်အပျက်များကို ပြည်တွင်းတွင်သာမက နိုင်ငံတကာမှပါ သိရှိရန် ရည်ရွယ်ဖွဲ့စည်းထားသည့် တိုင်းရင်းသတင်းမီဒီယာအဖွဲ့ဖြစ်ပြီး လွန်ခဲ့သော ၂၀ဝ၃ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ရာ ယခုအခါတိုင်းရင်းသတင်းဌာန ၁၃ ခု ပါဝင်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts