ခတ္တာနန်း – ကျေးလက်ပြည်သူများ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုဆိုင်ရာ အစီအစဉ်နှင့် ပတ်သက်၍ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁ ထောင်ချပေးရေးနှင့် ပတ်သက်၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို အချိန် ၃ လအတွင်း အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျှက်ရှိကြောင်း
မွန်ပြည်နယ် ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။
ဒေါက်တာအောင်နိုင်ဦးက “ကိုယ့်မဲဆန္ဒနယ်က ပြည်သူတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်စည်းပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ တစ်မြို့နယ်ကို
သိန်း ၁ ထောင်ချပေးထားတယ်၊ ဒါကို ကိုယ့်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ ညှိုနှိုင်းတိုင်ပင်ပြီး အကောင်အထည်ဖော်ရမှာပါ” ဟုပြောသည်။
ချောင်းဆုံမြို့နယ် ပြည်သူများအနေနှင့် သောက်သုံးရေရရှိရေး၊ လမ်းပြုပြင်ရေး၊ ကျောင်းဆောင်ဆောက်လုပ်ရေး စသော စီမံကိန်းတစ်ချို့ အဆိုတင်သွင်းထားသော်လည်း တစ်ချို့ကျေးရွာများအနေနှင့် ယခုအချိန်ထိ လုပ်ငန်စဉ်များ မတင်သွင်းရသေးကြောင်း ယခုလက်ရှိ တင်သွင်းထားသည်များမှာ ကျပ်သိန်း ၁ ထောင် မပြည်သေးကြောင်း သိရသည်။
ဒေါက်တာအောင်နိုင်ဦးက “လာမည့် ၁၅ ရက်နေ့ဆိုရင် စီမံကိန်းအားလုံး အပြီးသတ်လုပ်ပြီးတော့ ပြည်ထောင်စု ဖွံ့ဖြိုးရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီကို ဆက်လက်ပြီး တင်သွင်းသွားမှာပါ” ဟု ပြောသည်။
ထိုသို့ တင်သွင်းရာ၌ စီမံကိန်းတစ်ခုလျှင် သိန်း ၅၀ ထက်မပိုရန် ချမှတ်ထားကြောင်းနှင့် လက်ရှိ လုပ်ထားပြီးစီသွားသည့် စီမံကိန်းများ၊ လျာထားပြီးသည့် စီမံကိန်းများ၊ အစိုးရမှ ချမှတ်ထားသည့် စီမံချက်ထဲမှ ပါဝင်သည့် စီမံကိန်းများအထဲတွင် မပါဝင်သည့် စီမံကိန်းများကို ဖြစ်ရမည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။
အလားတူ ကျိုက်မရောမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင်က “ကျနော်တို့ကတော့ စီမံကိန်းတွေ မထပ်ရအောင် အသေအခြာစီစစ်ပြီးတော့ လိုအပ်တဲ့နေရာတွေမှာ ပရောဂျက်ချပေးဖို့ကို စာရင်းတွေ စုဆောင်းနေပါပြီး” ဟုပြောသည်။
ဆက်လက်ပြီး အကယ်၍ စီမံကိန်းတစ်ခုသည် သိန်းရာချီ ကုန်လျှင် မိမိတို့ထံ၌ ပရောဂျက်ငွေ သိန်း ၅၀ ချပေးပြီး ကျန်ငွေများကို ကျေးရွာပြည်သူများထံတွင် လိုက်လံ အလှုခံ၍ စီမံကိန်းပြီးစီအောင် ဆက်လက်ဆောင်ရွက်သည့်လုပ်ငန်းများလည်း ရှိကြောင်း၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ၊ လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ၊ စည်ပင်သာယာရေးကော်မတီနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကော်မတီတို့က ညှိုနှိုင်း၍ ဆောင်ရွက်လျှက်ရှိကြောင်း နိုင်စံတင်က ဆက်ပြောသည်။
နိုင်စံတင်က “ကျနော်တို့ မြို့နယ်အနေနဲ့ကတော့ စီမံကိန်းပေါင်း ၃၀ လောက်ရှိမယ်၊ ဒါပေမဲ့ အခုအချိန်မှာတော့ ပိုက်ဆံမချပေးရသေးပါဘူး ဘတ်ဂျက်ငွေတွေအားလုံးကို ပြည်ထောင်စုလွှတ်တော်က ကိုင်ထားတာပါ၊ ချပေးမယ်ဆိုရင်လည်း ကျနော်တို့ ဖော်ဆောင်ရေးကော်မတီရဲ့ ဘဏ်ကနေပဲ ငွေတွေကို လွှဲထည့်ပေးသွားမှာပါ” ဟု ပြောသည်။
ကျေးလက်ပြည်သူများဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုဆိုင်ရာ အစီအစဉ်နှင့် ပတ်သက်၍ လွန်ခဲ့သည့် ဧပြီလတွင်ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေး၌ ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြုမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ပြည်ထောင်စု လွှတ်တော်မှ ကျပ် ၃၃ ဘီလီယံ ချပေးထားပြီး ဖြစ်ကြောင်း၊ ထိုဘတ်ဂျက်ငွေများကို ဦးစားပေး အစီအစဉ် ၅ ခုတွင် အကောင်အထည်ဖော်ရန်အတွက် ဖြစ်သည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေးကော်မတီရေးရာ ဥက္ကဌ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညာအောင်မိုးက “ အခုလောလောဆယ် ပြည်ထောင်စု လွှတ်တော်က ချပေးတဲ့ တစ်မြို့နယ် သိန်း ၁ ထောင်မှာ အဓိက ဦးစားပေအနေနဲ့ကတော့ ကျေးလက်ရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ အခြာလိုအပ်ချက်တွေကို အကောင်အထင်ဖော်ဖို့အတွက်ပါပဲ” ဟုပြောကြားခဲ့သည်။