Homeသတင်းဝါရင့်မွန်ဂီတအနုသုခုမပညာရှင်များအား ဂုဏ်ပြု

ဝါရင့်မွန်ဂီတအနုသုခုမပညာရှင်များအား ဂုဏ်ပြု

-

မင်းသုတ -“ဂီတမွန်” တီးဝိုင်းအဖွဲ့က ဦးစီး၍ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ကြာကန်ကွင်း၌ ဝါရင့်မွန်ဂီတအနုသုခုမပညာရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ကျင်းပခဲ့သည်။

“ဂီတမွန် GITA MON MUSIC BAND” အဖွဲ့တည်ထောင်ခြင်း အနှစ် ၃၀ ပြည့်မြောက်သည့်အခမ်းအနား ဖြေဖျော်ရေးစင်မြင့်ပေါ်တွင် လက်ရှိမွန်တေးဂီတလောက ထွန်းကားလာရေးကြိုးပမ်းလာခဲ့ကြသည့် ဝါရင့်ဂီတအနုသုခုမဆရာများအား မွန်လူငယ်ဂီတ အနုပညာရှင်များအားလုံးက ပူဇော်ဂုဏ်ပြုခြင်းဖြစ်ကြောင်း “ဂီတမွန်” တီးဝိုင်းခေါင်းဆောင် ဇာတိနိုင်က အခမ်းအနားအဖွင့်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ဂီတမွန်တီးဝိုင်းခေါင်းဆောင်ဟောင်း အိုင်းမွန်(အာဲမန်)က “၁၉၈၄ ခုနှစ်မှာ ကျနော်ဒီဂီတမွန်တီးဝိုင်းကိုစတင်တည်ထောင်ခဲ့ပြီး ၁၃ နှစ်တိတိ တာဝန်ယူခဲ့တယ်၊ နောက်ပိုင်း အခုလူငယ်သစ်တွေ ဆက်လက်တာဝန်ယူ နိုင်ခဲ့တာကို အထူးကျေးဇူးတင်ရှိပါတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဂုဏ်ပြုသတ်မှတ်ခံရသူ မွန်အနုသုခုမဆရာ (၁၆) ဦးအနက် ဆရာတော်ဘဒ္ဒန္တကေတုမာလာ ၊ ကန္တာဂျနူမာန်၊ ဗညားတလနိုင်၊ မွန်ချမ်းမွန်၊ ခေမာနွန်၊ မွန်ချမ်း၊ မင်းကျန်ရစ်(လျးဟံမန်)၊ တလဗန်း(တလဗန်)၊ နိုင်ငွေသိန်း(ခ)ဂျနူမွန်၊ အိုင်းမွန်(အာဲမန်)၊ ဇဲ့ဟာန်မွန်(ဇြဟာန်မန်)၊ ရာမညမင်းအောင်သန်း(အံင်ဇှး) ဗညားအောင်နှင့် ထောဗုတို့အပြင် ရာမညနိကာယဂိုဏ်းဥက္ကဌ-မွန်သံဃာတော်ဂိုဏ်းချုပ် ဆရာတော်လည်း တက်ရောက်သြဝါဒပေးအပ်သည်ကို တွေ့ရှိရသည်။

သံဖြူဇရပ်မြို့၊ ကြာကန်အားကစားကွင်း၌ ရာမညနိကာယဂိုဏ်းဥက္ကဌက အခမ်းအနားကျင်းပရာမုခ်ဦးရှေ့၌ ဖဲကြိုးဖြတ်ခြင်း၊ မီးပန်းအလှများပစ်ဖေါက်၍အခမ်းအနားဖွင့်လှစ်ခြင်း၊ ဝါရင့်ဂီတဆရာများနှင့် မွန်ဂီတစွမ်းဆောင်သူ အဆိုတော်၊ တေးရေးဆရာ၊ တီးခတ်သူ ၅၀ ဦးတို့အား ဆုအသီးသီးချီးမြှင့်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ ထင်ရှားသောမွန်အဆိုတော်များ၏ Live Show သီဆိုဖြေဖျော်မှု၊ ကံစမ်းမဲများဖေါက်ခြင်းဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသည်ကို တွေ့ရသည်။

မင်းကျန်ရစ်(လျးဟံမန်)က “အခုလိုဝါရင့်မွန်ဂီတဆရာကြီးတွေ ကြိုးပမ်းအားထုတ်မှုနဲ့ ကျနော်တို့မီခေတ်ပေါ် တေးဂီတရေစီးကြောင်း ဒီကနေ့အခြေအနေကိုရောက်ရှိလာတာဖြစ်ပါတယ်” ဟု သူ၏သြဝါဒမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဂီတမွန်တီးဝိုင်းမတည်ထောင်မီ လယီဟံသာ(လျးဟံသာ) မွန်တီးဝိုင်းအား ၁၉၇၄ ခုနှစ်တွင် မင်းကျန်ရစ်(လျးဟံမန်) ဦးဆောင်ခဲ့သည့်အချိန်သည် ခေတ်ပေါ်မွန်တေးဂီတအစပိုင်းဟု သိရပြီး ယခုအခါ အနှစ် ၄၀ တင်းတင်းပြည့်ပြီ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts