Homeသတင်းတနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တွင် အခြေခံဥပဒေ ပြင်ဆင်ရေးသဘောထား ကောက်ခံနေ

တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တွင် အခြေခံဥပဒေ ပြင်ဆင်ရေးသဘောထား ကောက်ခံနေ

-

မော်လမြိုင်ဆန္ဒသဘောထားအမြင်ကောက်ခံပွဲ-(NLD-မလမ)
မော်လမြိုင်ဆန္ဒသဘောထားအမြင်ကောက်ခံပွဲ-(NLD-မလမ)
ခတ္တာနန်း – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဗဟိုကော်မတီ ဦးဆောင်၍ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၌ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ်ရေးဆွဲရေးနှင့် ပတ်သက်၍ ပြည်သူလူထူထံ ဆန္ဒသဘောထားအမြင်ကောက်ခံမှု ပြုလုပ်ခဲ့ကြောင်း အခြေခံဥပဒေပြင်ဆင်ရေး ဗဟိုကော်မတီအဖွဲ့ဝင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတာဝန်ခံ ဦးမောင်ဖေတင်က ပြောသည်။

ဦးမောင်ဖေတင်က “ ၂၀ဝ၈ အခြေခံဥပဒေကို ပြင်ဆင်သွားမှာလား အသစ်ပြန်လည်ရေးဆွဲမှာလား ဆိုတဲ့ အချက်နှစ်ချက်ကိုပဲ အဓိကထားပြီး ဆန္ဒသဘောထား ကောက်ယူခဲ့တာပါ” ဟု ပြောသည်။

ယနေ့အောက်တိုဘာ ၂၂ ရက်နေ့၌ ထားဝယ်ခရိုင် ပြည်သူ့သဘောဆန္ဒကို ကောက်ယူရာတွင် တက်ရောက်သူ ၁၅၀ ဝန်းကျင်ရှိသည့်အနက် ၄ ဦးသာ အသစ်ရေးဆွဲရန် သဘောထားရှိပြီး ကျန်သူများမှာ အခြေခံဥပဒေပြင်ဆင်ခြင်းဖြစ် လုံလောက်သည်ဟု ဆန္ဒပြုခဲ့ကြသည်။

အလားတူ မြိတ်ခရိုင်၌ အောက်တိုဘာ ၂၃ ရက်နေ့တွင်၄င်း၊ ကော့သောင်းခရိုင်၌ အောက်တိုဘာ ၂၆ ရက်နေ့တွင်၄င်း ယင်းကဲ့သို့ ဆန္ဒသဘောထားအမြင်ကောက်ယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

“မွန်ပြည်နယ်၊သထုံခရိုင်နဲ့ မော်လမြိုင်ခရိုင် ဆန္ဒခံယူပွဲလုပ်ခဲ့တဲ့ ၂ နေရာမှာလည်း အများစုက အခြေခံပြင်ဆင်ဖို့ကိုပဲ အားသန်ကြပါတယ်၊ အသစ်ရေးဆွဲမယ် ဆိုတဲ့လူတွေက နည်းပါတယ်” ဟု ဦးမောင်ဖေတင်က ဆက်ပြောသည်။

မွန်ပြည်နယ်၊ သထုံခရိုင်၌ အောက်တိုဘာလ ၁၇ ရက်နေ့နှင့် မော်လမြိုင်ခရိုင်၌ အောက်တိုဘာလ ၁၈ ရက်နေ့များတွင် ပြည်သူ့ဆန္ဒသဘောထားအမြင်ကောက်ယူခဲ့ခြင်းဖြစ်ပြီး မြို့နယ်များ၌ ယခုလ ၂၆ ရက်နေ့တွင် ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။

မော်လမြိုင်ခရိုင် ဆန္ဒသဘောထားအမြင် ကောက်ယူရာတွင် ပြည်သူလူထုများအနေဖြင့် လက်ရှိဖွဲ့စည်းပုံအသစ်ရေးဆွဲရန် မဖြစ်နိုင်ကြောင်း၊ ပြင်ဆင်ရေးကိုသာ ဦးတည်၍ ဆန္ဒသဘောထားအမြင်များ ပေးခဲ့ကြကြောင်း သဘောထားကောက်ယူပွဲ တက်ရောက်ခဲ့သည့် မွန်ပြည်နယ် NLD အဖွဲ့ဝင် ဦးဇော်က ပြောသည်။

“ အသစ်ရေးဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ စစ်တပ်ကလည်း ဒါကို လက်မခံဘူးလို့ ကျနော်တို့ ကြားနေရတယ်၊ အနိုင်ရထားတဲ့ပါတီကလည်း ဒါကို လက်ခံနိုင်မှာမဟုတ်ဘူး၊ နောက်ပြီး ရွေးကောက်ပွဲလုပ်ဖို့ဆိုရင် အချိန်ကလည်း ဘယ်လိုမှ လုံလောက်မှုရှိမှာမဟုတ်ဘူး၊ ဒါကြောင့် ကျနော်တို့ကတော့ ပြင်ဆင်ဖို့ကိုပဲ ဆန္ဒပြုကြတယ်” ဟု ဦးဇော်က ဆက်ပြောသည်။

NLD အခြေခံဥပဒေပြင်ဆင်ရေး ဗဟိုကော်မတီအနေဖြစ် တစ်နိုင်ငံလုံးရှိ ခရိုင် ၆၆ ခရိုင်အား ဆန္ဒသဘောထားအမြင် ကောက်ယူမှု ပြုလုပ်သွားမည်ဖြစ်သည့်အပြင် သက်ဆိုင်ရာ NLD ခရိုင်ရုံးများအနေဖြင့် မိမိတို့ ဒေသရှိ မြို့နယ်များအား သဘောထားဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ၂၀ဝ၈ အခြေခံဥပဒေဖွဲ့စည်းပုံအရ တရား ​ဥပဒေ ​စိုးမိုးရေး၊ ​ပြည်တွင်း ​ငြိမ်းချမ်းရေးနှင့် ​စစ်မှန်သော ​ဒီမိုကရေစီ ​နိုင်ငံတော် ​တည်ဆောက်သွားနိုင်ရေး ​အတွက် ဒီမိုကရေစီစံနှုန်းနှင့် ညီညွတ်ခြင်းမရှိသော ​ပြဋ္ဌာန်းချက်များ၊ ​ရှေ့နောက်ညီညွတ်ခြင်းမရှိသော ပြဋ္ဌာန်းချက်များ၊ ​တိုင်းရင်းသာများ အခွင့်အရေးနှင့် စစ်မှန်သည့် ပြည်ထောင်စုနိုင်ငံ ​ထူထောင် ရေးအတွက် ​အဟန့် ​အတားဖြစ်နေသော ​ပြဋ္ဌာန်းချက်များ အစရှိသည့်အချက် ​(၇) ​ချက်အား ​ပြင်ဆင်ရမည်ဟု NLD က ထောက်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​(NLD) ​ပါတီအနေဖြင့် လာမည့်​နိုဝင်ဘာလ ​နောက်ဆုံးထားပြီး ​၂၀ဝ၈ ​ ဖွဲ့စည်းပုံအခြေခံဥပဒေ ​ပြင်ဆင်ရေး ​(သို့မဟုတ်) ​အသစ် ​ပြန်လည်ရေးဆွဲရေးနှင့် ပတ်သက်သော ပြည်သူ့ဆန္ဒ ​သဘောထား ​ခံယူသွားမည်ဟု အောက်တိုဘာ ​၁ ​ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀ဝ၈ အခြေခံဥပဒေပြင်ဆင်ရေး အသစ်ပြန်လည်းရေးဆွဲရေးနှင့် ပတ်သက်၍ NLD အနေဖြင့် ဆန္ဒသဘောထားအမြင်ကောက်ယူမှု အပြီးသတ် လုပ်ဆောင်ပြီးပါက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ လွှတ်တော်သို့ ဆက်လက်တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts