Homeသတင်းကောင်းမွန်သော ဒေသန္တရအုပ်ချုပ်ရေး ပံ့ပိုးခြင်း အစီအစဉ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကောင်းမွန်သော ဒေသန္တရအုပ်ချုပ်ရေး ပံ့ပိုးခြင်း အစီအစဉ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

-

ခတ္တာနန်း – မွန်ပြည်နယ်အတွင်း မြို့နယ်အဆင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များအား ကောင်းမွန်သောဒေသန္တရအုပ်ချုပ်ရေးနှင့် ပြည်သူ့အခြေပြု ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို မော်လမြိုင်မြို့ရှိ Strand ဟိုတယ်တွင် နှစ်ရက်တာကျင်းပခဲ့သည်။

Strand ဟိုတယ်၌အလုပ်ရုံဆွေးနွေးပွဲကျင်းပစဉ်- (Min Latt)
Strand ဟိုတယ်၌အလုပ်ရုံဆွေးနွေးပွဲကျင်းပစဉ်- (Min Latt)
စက်တင်ဘာ ၁၇-၁၈ ရက်နေ့တွင်ကျင်းပခဲ့သော ယင်းအလုပ်ရုံဆွေးနွေးပွဲကို ကုလသမဂ္ဂလူထုဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂမြို့ပြဖွံ့ဖြိုးမှုရန်ပုံငွေ (UNCDF) တို့ဦးဆောင်၍ ပြည်နယ်နှင့် မြို့နယ်အဆင့် အစိုးရအုပ်ချုပ်ရေး အဖွဲ့များအား ဒေသန္တရ အုပ်ချုပ်ရေးအားဖြည့်မြှင့်တင်ရေးဆိုင်ရာ UNDP ၏ လုပ်ငန်းအစီအစဉ်တွင် အတူတကွပူးပေါင်း ဆောင်ရွက်သွားရန်ရှိသော လုပ်ငန်းများကို ပိုမိုနာလည် သိရှိလာစေရန်အတွက် ရည်ချက်ဖြစ် ပြုလုပ်ကြောင်း ဆွေးနွေးပွဲတက်ရောက်သူ ကိုမင်းလတ်က ပြောသည်။

ကိုမင်းလတ်က “မြို့နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေတစ်ခုချမယ်၊ အဲဒီ ရန်ပုံငွေနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် ပေါ်ထွန်းဖို့အတွက်ကို အထောက်အကူပြုနိုင်မဲ့ မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်ဆောင်သွားမှာပါ” ဟုပြောသည်။

UNDP နှင့် UNCDF တို့မှ ကူညီပံ့ပိုးနေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်စဉ်အနက် “တုံ့ပြန်မှုကောင်းသော ဒေသန္တရအုပ်ချုပ်ရေးကို ပံ့ပိုးခြင်း” အစီအစဉ်တွင် ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်တို့၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးပုံစံတွင် အများပူပေါင်းပါဝင်သော စီမံကိန်းများရေးဆွဲခြင်း၊ တုန့်ပြန်မှုကောင်းသော ဝန်ဆောင်မှုပေးခြင်း၊ ပြည်သူ့ကဏ္ဍစီမံခန့်ခွဲမှုနှင့် ဒေသတွင်းမတည်ငြိမ်မှုများကို ကြိုတင်တားဆီးခြင်းတို့ပါဝင်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုတို့တွင် UNDP ၏ ဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ထားရာ ၂၀၁၄ ခုနှစ်အစောပိုင်းတွင် မွန်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ စတင်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

“မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ စတင်လုပ်သွားမယ်၊ တစ်ပြည်နယ်မှာ ၆ မြို့နယ်နှုန်းနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေ လုပ်သွားမယ်” ဟု ကိုမင်းလတ်က ဆက်ပြောသည်။

ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့များ တက်ရောက်ခဲ့ကြပြီး မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးများ၊ ကော်မတီ ဥက္ကဌများ၊ မြို့နယ်အဆင့် ဦးစီးမှုများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အလားတူ လွန်ခဲ့သည့် သြဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့တွင်လည်း UNDP မှ ကြီးမှူး၍ ကောင်းမွန်သော ဒေသန္တရ အုပ်ချုပ်ရေးနှင့် ပြည်သူ့ဗဟိုပြု ဝန်ဆောင်မှု ဆိုသော ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို နေပြည်တော်ရှိ MICC ခန်းမ၌ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ထိုအခမ်းအနားတွင် UNDP ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ Country Director Toily Kurbanov က “ ဗဟိုဦးစီးချုပ်ကိုင်မှုကို လျှော့ချတာဟာ အများနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေမှာ လူထုတွေ ပိုမိုပါဝင်စေပြီး ပြည်သူနဲ့ ပိုမိုနီးစပ်တဲ့အတွက် ဒေသလိုအပ်ချက်တွေကို ပိုပြီး သိနိုင်တယ်၊ သံယဇာတအရင်းအမြစ်တွေကိုလည် ပိုပြီးတော့ အသုံးချနိုင်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း Eleven Media တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts