လွန်ခဲ့သော ၆၆ နှစ်ကာလ ဝါခေါင်လပြည့်နေ့တွင် နိုင်ပန်းသာ ပါဝင်သော မွန်လူငယ်အဖွဲ့ဝင်တို့သည် မွန်တိုင်းရင်းသားတို့၏ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရန်” ရည်ရွယ်ချက်ဖြင့် ရရာလက်နက်စွဲကိုင်၍ ဦးနုအစိုးရအား စတင်တော်လှန်ခဲ့ကြသည်။
၁၉၄၈ ခုနှစ်မှစတင်ခဲ့သော မွန်တော်လှန်ရေးသည် ၁၉၅၈ ခုနှစ်တွင် ဦးနုအစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြသည်။ သို့ရာတွင် ခေါင်းဆောင်တစ်ဦးဖြစ်သူ “နိုင်ရွှေကျင်” သည် မွန်ပြည်သစ်ပါတီကို တည်ထောင်ကာ တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းအပြီး စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သောကြောင့် မွန်မျိုးချစ်များနှင့် ကျောင်းသားများ မွန်တော်လှန်ရေးနယ်မြေသို့ အများအပြားရောက်ရှိလာကြ၍ တော်လှန်ရေးအားသစ်လောင်းခဲ့လေပြီ။
တော်လှန်ရေးဟူသည့် ခရောင်းလမ်းအခက်အခဲများစွာကို ကျော်ဖြတ်လာခဲ့ပြီးနောက် တိုးတက်ဖြစ်ထွန်းမှုများကိုလည်း တွေ့မြင်ရပေသည်။ မွန်တော်လှန်ရေးအရှိန်အဟုန်မြင့်လာနေချိန်တွင် အမည်ခံမွန်ပြည်နယ်ကို ဗိုလ်နေဝင်း သတ်မှတ်ပေးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့အလယ်တွင် မွန်ပြည်နယ်ဟု ပေါ်ထွန်းခဲ့ပြီ။ သို့သော်လည်း မွန်တော်လှန်ရေး ရေချိန်သည်ရပ်တန့်သွားခြင်းမရှိပဲ မွန်လူငယ်များစွာ တော်လှန်ရေးသို့ ပိုမိုရောက်ရှိလာပြန်သည်။ အဘယ့်ကြောင့်ဆိုသော် ဖိနှိုပ်မှုများရှိနေသမျှ တော်လှန်ရေးဆက်လက်တည်ရှိနေမြဲပင်တည်း။
၁၉၈၈ ခုနှစ်တွင် ကျောင်းသားလူငယ်များခေါင်းဆောင်သော ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့လေသည်။ ဗိုလ်ချုပ်စောမောင်၊ ဗိုလ်သန်းရွှေနှင့် ဗိုလ်ခင်ညွန့်တို့အဖွဲ့ စစ်အာဏာသိမ်းမှုအပြီး ကျောင်းသားများနှင့် သံဃာတော်များ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာသဖြင့် တိုင်းရင်းသားလက်နက်တော်လှန်ရေးသည်လည်း အရှိန်အဟုန်ဆက်လက်မြင့်တက်လာပြန်သည်။ ကျယ်ပြန့်သောတပ်ပေါင်းစုများ ဖွဲ့စည်းနိုင်ခဲ့သည်။ မြန်မာ့အရေးကို နိုင်ငံတကာက အာရုံစူးစိုက်မှုပိုမိုများပြားလာသည်ကို တွေ့ရှိခဲ့ရသည်။
၁၉၉၀ ဝန်းကျင်တဝိုက်တွင် စစ်အစိုးရ၏နည်းဗျူဟာသစ်အရ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအား ချေမှုန်းရန် အပစ်ရပ်စဲရေးနည်းဖြင့် ကြိုးပမ်းလာပြန်သည်။ ၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့်အပစ်ရပ်စဲမှုအသွင်ဖြင့် မွန်တော်လှန်ရေးကို ခြေမှုန်းရန် ကြိုးပမ်းလာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
၁၉၈၈ နောက်ပိုင်းကာလများတွင် တော်လှန်ရေးရေးစီးကြောင်းအသွင် ပြောင်းလဲလာသည်ကို တွေ့ရှိလာရသည်။ လက်နက်ကိုင်သည့်နည်းလမ်းအစား အကြမ်းမဖက်(Non Violence Resistance) သည့်နည်းလမ်းသစ်သည်လည်း အချိန်နှင့်တပြေးညီပေါ်ပေါက်လာပြန်သည်။ နေ့ထူးရက်မြတ်ကြီးများတွင် မွန်တိုင်းရင်းသားများစုစည်းပြီး ဆန္ဒပြတောင်းဆိုခြင်း၊ ကုလသမဂ္ဂကဲ့သို့သော ကမ္ဘာ့အဖွဲ့အစည်းများသို့ မွန်အရေးကိုတင်ပြခြင်း၊ စစ်အစိုးရ၏လူ့အခွင့်အရေးဖေါက်ဖျက်မှုများကို နိုင်ငံတကာသို့ အစီရင်ခံစာဖြန့်ဝေခြင်းနှင့် မီဒီယာများမှလည်း မွန်တိုင်းရင်းသားတို့၏ အကြောင်းအရာများကို ဖေါ်ပြနိုင်ခဲ့သဖြင့် ကမ္ဘာက ပိုမိုသိရှိလာခြင်း ဖြစ်ပေသည်။
တဖက်တွင်လည်း ပြည်တွင်းရှိ မွန်ရဟန်းသံဃာတော်များနှင့် မျိုးချစ်ပုဂ္ဂိုလ်တို့သည် စစ်အစိုးရ၏ဖိနှိပ်တားဆီးမှုအမျိုးမျိုးကြားမှပင် မွန်အမျိုးသားနေ့အခမ်းအနားများ၊ စာပေယဉ်ကျေးမှုလုပ်ငန်းများနှင့် မွန်နိုင်ငံရေးပါတီများလည်း လှုပ်ရှားအသက်ဝင်လာကြသည်။ ယင်းတို့သည်မွန်တော်လှန်ရေး၏ တိုးတက်မှုများဟုလည်း ဆိုရပေမည်။
အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ဆဲဖြစ်သည်။ တိုင်းရင်းသားတို့အား စစ်ရေးနည်းဖြင့် အမြစ်ပြတ်ချေမှုန်းနိုင်မည်မဟုတ်ပါ။ တိုင်းရင်းသားပြည်သူများအပေါ် ဖိနှိပ်ခဲ့သောစစ်အစိုးရသည် နိုင်ငံတကာ၏ဖိအားကြောင့် ဆွေးနွေးပွဲများ ဖိတ်ခေါ်ကျင်းပလာရခြင်း ဖြစ်သည်။
“တော်လှန်ရေး” ဆိုသည်မှာ ဟောင်းနွမ်းယိုယွင်းနေသော အုပ်ချုပ်ရေးစနစ်ကို စနစ်သစ်ဖြင့်အစားလိုခြင်းဖြစ်သည်။ စနစ်သစ်ပန်းတိုင်သို့မရောက်မချင်း တိုက်ပွဲအဆင့်ဆင့် ဆင်နွှဲခြင်းသည် တော်လှန်ရေးစိတ်ဓါတ်ပင်ဖြစ်ပေသည်။ မွန်တို့၏ကြမ္မာ မွန်တို့ဖန်တီးနိုင်သည်အထိ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့်တိုက်ပွဲဝင်ခြင်းသည်လည်း တော်လှန်ရေးစိတ်ဓါတ်ပင်တည်း။
ယနေ့ကာလတွင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကိုမဖေါ်ထုတ်နိုင်သေးပေ။ ပိတ်ဆို့မှုအမျိုးမျိုး အတားအဆီးများစွာ ရှိနေဆဲ။ မွန်တိုင်းရင်းသားတို့၏ အမျိုးမျိုးသောကြိုးပမ်းဆောင်ရွက်မှုတို့သည် မိမိတို့ကြမ္မာကို ဖန်တီးခွင့်ရှိသောမွန်ပြည်နယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် စစ်မှန်သောထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက်သည် ကျွန်ုပ်တို့တမျိုးသားတရပ်လုံး၏ တာဝန်ပင် ဖြစ်ပါကြောင်း။