မေး ။ ။ ဘယ်လိုအဖမ်းခံခဲ့ရပါသလဲ?
ဖြေ ။ ။ သုမင်္ဂလံရွာနဲ့ ရွာသစ်ကြားမှာ အမဲထောင်ခြောက်ဆင်ရင်းနဲ့ ကျနော်ကို စစ်ကြောင်းတွေ့သွားပြီး ဖမ်းသွားကြတယ်၊ လက်နှစ်ဖက်နောက်ပြစ်-လည်းပင်ကြိုးဆွဲပြီး ခေါ်သွားတယ်၊ နောက်ပြီး သေနတ်ပစ်သံကြားတယ်၊ မွန်ပြည်သစ်ကင်းတဲနဲ့ ပစ်ခတ်ကြတယ်။
မေး။ ။ စစ်တပ်အင်အား ဘယ်လောက်လောက်ရှိပါသလဲ?
ဖြေ။ ။အင်အား အယောက် ၈၀ လောက်တော့ရှိမယ်ထင်တယ်။
မေး ။ ။ နောက်ပြီး ဘယ်သွားလဲ?
ဖြေ ။ ။ “စံဖစ်” တောင်ကိုခေါ်သွားတယ်၊ တောင်အလယ်လောက်ကနေပီး အပေါ်ကနေ ကြည့်ရင်အားလုံးမြင်တဲ့နေရာပေါ့၊ နောက်ပြီး တောထဲက ခြံမှာတစ်ညအိပ်တယ်၊ နောက်တစ်ရက်မှာ ရွာ(သုမင်္ဂလံ) ကိုဝိုင်းပြီး ရွာမှာလည်းဘယ်သူမှမရှိတော့ ပစ္စည်းတွေလိုက်သိမ်းလိုက်တယ်
မေး။ ။ အစားအသောက်အနေအထိုင်က ဘယ်လိုလဲ?
ဖြေ။ ။ နေပူမိုးရွာတာတော့မခံရဘူး၊ လူမရှိတဲ့ အိမ်တစ်အိမ်မှာထားတယ်၊ သူတို့ဖမ်းထားတဲ့ မွန်ပြည်သစ်ပါတီရဲဘော်လင်မယားနဲ့အတူတူပေါ့၊ သူတို့စားသလိုတော့ကျွေးတယ်၊ ဘယ်လိုမှ စားသောက်မရ အိပ်လို့မရဘူး၊ ကျနော့်ကိုသတ်ပစ်မယ်မှာကို တချိန်လုံးစိုးရိမ်နေမိတယ်၊ တစ်နေ့ပြီးတစ်နေ့ တောထဲပြန်သွားလိုက်၊ ရွာပြန်ဝင်လိုက်လုပ်နေတာပဲ၊ စစ်တပ်သွားတဲ့နေရာတိုင်း မွန်ရဲဘော်လင်မယားလည်း လိုက်ပါသွားရတယ်၊ သူတို့က လင်မယားတွေဆိုတော့ ဘာကြိုးမှချည်မထားဘူး၊ မိန်းမပြေးရင် ယောင်္ကျားကိုဖမ်းမယ် ယောင်္ကျားပြေးရင်မိန်းမကိုဖမ်းမယ်ဆိုတော့ မပြေးရဲကြဘူး၊ ကျနော်ကို စစ်သား ၉ယောက်နဲ့ အတူထားထားတယ်၊ အပေါ့အလေးသွားရင်လည်း ကင်းစောင့် ၂ ယောက်လိုက်တယ်။
မေး။ ။ သူတို့ ဘာတွေပြောသေးလဲ?
ဖြေ။ ။ သူတို့ အခုလာတာက မွန်စစ်သားရော၊ ရွာသားတွေကိုပါ လာသိမ်းတာတဲ့၊ ရောက်လာတော့ တစ်ယောက်မှ မရှိတော့ဘူး၊ ဒီသတင်းပေါက်ကြားသွားရင် ကျနော့်ကို သတ်မယ်ပြောတယ်၊ အဲဒါကြောင့် ဘယ်လိုလွတ်မြောက်နိုင်မလဲ၊ ဘယ်လိုပြေးရမလဲ လွတ်အောင်ပြေးမှဖြစ်မယ်ဆိုတာကို ဆိုတာအမြဲစဉ်းစားနေမိတယ်။
မေး ။ ။ ရွာကိုမီးရှို့တာကရော?
ဖြေ ။ ။ ညနေ ၃ နာရီလောက်မှာ သုမင်္ဂလံရွာက အိမ်တွေတဲတွေကိုမီးရှို့တယ်၊ တစ်လုံးချင်း ရှို့တယ်၊ အိမ်တွေတဲတွေအားလုံးလောက်မီးလောင်ကုန်တယ်။
မေး။ ။ အိမ်ကပစ္စည်းတွေကိုရော?
ဖြေ ။ ။ သူတို့သယ်နိုင်တဲ့ဟာ အားလုံးယူသွားတယ်၊ မသယ်နိုင်တဲ့ဟာဆိုရင် မီးရှို့လိုက်တယ်၊ ပြောင်းဖူး၊ ပဲ၊ ဆန်၊ ဆီ၊ ငရုပ်သီးတွေကိုလည်း လိုသလောက်ယူ ပိုတာ မီးရှို့တယ်၊ ကျန်တဲ့ဟင်းသီးဟင်းရွက်တွေဆိုရင်လည်း ဖျက်ဆီးလိုက်တယ်၊ ကြက်တွေကို ချက်စားတယ်၊ ကြက်ပေါက်စတွေ၊ ခွေးတောင် မချန်ပဲ အကုန်လုံးယူသွားတယ်။
မေး။ ။ ဘယ်လိုနဲ့ လွတ်မြောက်လာပါသလဲ?
ဖြေ ။ ။ နောက်ဆုံးရက်မှာတော့ ကျနော့်ကို ကြိုးမချည်တော့ဘူး၊ သူတို့ပစ္စည်းတွေသိမ်းပြီး ရှေ့တစ်ဖွဲ့ထွက်သွားတယ်၊ နောက်ဆုံးကနေပြီးကျနော်လိုက်ရတယ်။ နောက်အဖွဲ့စစ်သားတွေက ကျနော့်အနောက်မှာ အတော်ဝေးကြတယ်။ တောင်ကုန်းအတက်အဆင်း ဝါးရုံကွယ်၊ တောင်ကွယ်တာနဲ့ ကျနော်ထွက်ပြေးလာတယ်၊ သူတို့သေနတ်နဲ့ ပစ်သေးတယ်၊ မထိပါဘူး၊ လမ်းမအတိုင်းကျနော် မသွားရဲတော့ဘူး၊ ခြုံတိုးပြီးလာခဲ့တာ ညနေ ၆ နာရီလောက်မှာ ထိုင်းနယ်စပ်က ရာဘာခြံတစ်နေရာကိုရောက်ပြီး အကူအညီတောင်းခဲ့တယ်။
မေး။ ။ အခု မိသားစုတွေနဲ့ကော အဆက်အသွယ်ရပြီလား၊ လက်ရှိအခြေအနေက?
ဖြေ။ ။ ဒီဒေသကိုရောက်တာ ၃ နှစ်ကြာပါပြီ၊ ကျနော့်မှ မိန်းမရှိတယ်၊ ခလေးမရှိပါဘူး၊ ခုပြန်ဆုံကြပါပြီ၊ ကျနော့်ဇာတိက သံဖြူဇရပ်မြို့နယ်ကပါ၊ ဒီဘက်မှာခြံမြေပေးဝေနေတာကြားလို့ ခြံလုပ်ဖို့ စဉ်းစားထားတယ်၊ ခုတော့ အိမ်လည်းမရှိ၊ အလုပ်လည်းမရှိ အခုလိုထွက်ပြေးနေရတယ်ဆိုတော့ လောလောဆယ်ပိုက်ဆံလည်းမရှိဘူး၊ ပတ်စပို့လည်းမရှိတော့ သွားခရီးလာဖို့မဖြစ်၊ ဘုန်းကြီးကျောင်းမှာတည်းပြီး ကြံဖန်စားသောက်နေရတယ်။
ကမ်းရိုးတမ်းဒေသတိုင်းလက်အောင် မြန်မာအစိုးရတပ်ဖွဲ့ထုတ်နှုတ်ပူးပေါင်းစစ်ကြောင်း(ခလရ ၂၂၄၊ ၂၈၈-ခမရ ၅၈၁၊ ၅၉၇) မြိတ်ဒေသရှိ မွန်ပြည်သစ်ပါတီတပ်စခန်းများသို့ ဇူလိုင်လအတွင်း ထိုးစစ်ဆင်လှုပ်ရှားမှု၌ ၁၆ ရက်နေ့တွင် နိုင်ဝင်းသောင်း(အသက်-၂၉ နှစ်) ကို မြန်မာစစ်ကြောင်းဖမ်းဆီးရမိပြီး ၆ ရက်အကြာ ထွက်ပြေးလွတ်မြောက်လာပုံ သတင်းထောက် ခတ္တာနန်း၏မွန်ဘာသာမေးမြန်းချက် ဘာသာပြန်ဖြစ်သည်-အယ်ဒီတာ)