Homeသတင်းအစိုးရနှင့် UNFC နောက်လတွင် တွေ့ဆုံမည်ဟုဆို

အစိုးရနှင့် UNFC နောက်လတွင် တွေ့ဆုံမည်ဟုဆို

-

မင်းသုတ – မြန်မာအစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်ကောင်စီ UNFC နှစ်ဖက်ကိုယ်စားလှယ်များ လာမည့်ဖေဖေါ်ဝါရီလတွင် တွေ့ဆုံဖွယ်ရှိကြောင်း UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

ကချင်ဒေသရှိ တိုက်ပွဲဖြစ်ပွားသည့်မြင်ကွင်း
ကချင်ဒေသရှိ တိုက်ပွဲဖြစ်ပွားသည့်မြင်ကွင်း
နှစ်ဖက်ကြားခံပုဂ္ဂိုလ်များ အပြန်အလှန်ဆက်သွယ်ချက်များအရ ဖေဖေါ်ဝါရီလကို သတ်မှတ်ထားပြီး ဆွေးနွေးကြမည့်နေရာကို မသတ်မှတ်ရသေးဟု သိရသည်။

နိုင်ဟံသာက “ အခြေအနေပေါ်မူတည်ပြီး ဘယ်အဆင့်ကနေ ဆွေးနွေးသွားမယ်ဆိုတာ အဆုံးအဖြတ်မပေးနိုင်သေးဘူး၊ အချိန်နီးကပ်တဲ့လာတဲ့အခါ ထုတ်ဖေါ်ပြောကြားပါမယ်” ဟု ပြောသည်။

သို့ရာတွင် အစိုးရ၏ကချင်ဒေသထိုးစစ်ရပ်ဆိုင်းရေးအတွက် အဖက်ဖက်ကတောင်းဆိုနေကြောင်း၊ အကယ်၍ အစိုးရထိုးစစ်မရပ်ဆိုင်းခဲ့လျှင် မည်ကဲ့သို့ဆက်လက်လုပ်ဆောင်သွားမည်ကို မကြာမီရက်ပိုင်းတွင် UNFC အစည်းအဝေးကျင်းပသည့်အခါ ဆုံးဖြတ်ချက်များ ချမှတ်ရမည်ဖြစ်ကြောင်း သိရသည်။

“ကချင်ဒေသတိုက်ပွဲမှာ ဘယ်သူကကျူးကျော်စစ်၊ ဘယ်သူကထိုးစစ်ဖြစ်သလဲ၊ တိုက်ပွဲတွေက မြစ်ကြီးနား၊ ဗန်မော်၊ နေပြည်တော်အနီးမှာ ဖြစ်နေတာမဟုတ်ဘူး၊ KIO,KIA ကချင်ဌာနချုပ်အနီးမှာ ဖြစ်နေတယ်၊ ဆိုလိုချင်တာက အစိုးရတပ်တွေ အဲဒီရှေ့တန်းကနေ ဆုတ်လိုက်ရင်တိုက်ပွဲတွေနည်းသွားမယ်၊ ဒီလိုနဲ့တဖြည်းဖြည်း တိုက်ပွဲတွေအလိုလိုရပ်ဆိုင်းသွားမယ်”ဟုလည်း နိုင်ဟံသာက ပြောသည်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်၊ နံနက် ၆ နာရီအချိန်မှစ၍ ကချင်ပြည်နယ်၊ လဂျားယန်ဒေသရှိ မြန်မာ့တပ်မတော် ထိုးစစ်များရပ်ဆိုင်းကြောင်း၊ KIO,KIAနှင့်ဆွေးနွေးလိုကြောင်း မြန်မာအစိုးရသမ္မတဦးသိန်းစိန်က အတိအလင်းကြေညာခဲ့သော်လည်း ထိုနေ့များတွင် မြန်မာအစိုးရစစ်လေယာဉ်များပါ ဗုံးဆက်ကြဲနေသည်ကို BBC,CNN, အယ်ဂျာဇီယားရုပ်သံများတွင် သတင်းပြသခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီဝင်များအနေဖြင့် အစိုးရနှင့်ဆွေးနွေးပွဲများကို UNFC အနေဖြင့်သာ ဆွေးနွေးမည်ဟု မြန်မာအစိုးရထံ ဇန်နဝါဝါရီလ ၂၁ ရက်နေ့က အကြောင်းပြန်ခဲ့ပြီးဖြစ်သည်။

နိုင်ဟံသာက “UNFC မှာက KIO ကဥက္ကဌတာဝန်ယူထားတယ်၊ ဒါ့ကြောင့် UNFC ရဲ့မူကို အပြည့်အဝလိုက်နာတယ်၊ အပစ်ရပ်စဲရေးသက်သက်မဟုတ်ဘဲ UNFC နဲ့အစိုးရ နိုင်ငံရေးဆွေးနွေးပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေသဘောတူညီမှုရယူဖို့ပါ၊ အခြားအသေးအဖွဲကိစ္စတွေက တစ်ဖွဲ့ချင်းနဲ့ဆက်ပြီးဆွေးနွေးလို့ရပါတယ်” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် UNFC ၁၁ ဖွဲ့တွင် ကချင် KIO ကဥက္ကဌ၊ ကရင် KNU က ဒုဥက္ကဌ၊ မွန် NMSP ကအတွင်းရေးမှူးတာဝန် အသီးသီးရယူထားလျှက်ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြန်မာအစိုးရ၏ပြည်တောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌဦးအောင်မင်းနှင့် UNFC ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာတို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သဘောတစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts