Homeသတင်းမွန်အမျိုးသားအသိမှတ်ပြု ကဒ်ပြား ထုတ်ပေးနေ

မွန်အမျိုးသားအသိမှတ်ပြု ကဒ်ပြား ထုတ်ပေးနေ

-

အဇာတာ – မွန်အမျိုးသားအသိမှတ်ပြုကဒ်ပြားကို ထိုင်း‑မြန်မာနယ်စပ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဂျပန်ရေတွင်းရွာ၌ စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြုလုပ်နေသည်။

မွန်အမျိုးသား ကာဒ်ပြားပြုလုပ်ပေးနေစဉ်။
ယင်းကဒ်ပြားပြုလုပ်ရေးအစီအစဉ်ကို ပဉ္စမကြိမ်မြောက် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် MAU (Mon Affairs Union) ညီလာခံဆုံးဖြတ်ချက်အရ မိမိတို့ မွန်လူမျိုးလူဦးရေအရေအတွက်သိရှိနိုင်ရန် ယမန်နှစ်မှစ၍ မှတ်တမ်းတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မွန်အမျိုးသား အသိအမှတ်ပြု ကဒ်ပြားပြုလုပ်ပေးနေသူ မွန်အမျိုးသားလူဦးရေစာရင်း ကောက်ယူရေး ကော်မတီ နိုင်သဟမွန်က “ဒီကဒ်လုပ်မယ်ဆိုရင် အမည်၊ မိဘနံမည်နှင့် နေရပ်လိပ်စာတွေ လက်ရှိကိုယ့်ရဲ့ နေရာတွေလိုအပ်ပါ တယ်၊ တစ်ခြားကတော့ လက်ဗွေနှိပ်တာ ဓါတ်ပုံရိုက်တာတွေကတော့ ဒီမှာတစ်ခါတည်းလုပ်ပေးတယ်၊ ဒီနေ့ရိုက်ရင် မနက်ဖြန်ဆို ကဒ်ပြားရပြီ” ဟု ပြောသည်။

ကဒ်ပြားတွင်မွန်နှင့် အင်္ဂလိပ် နှစ်ဘာသာပါရှိကာ ကဒ်ပြားလာရောက်ပြုလုပ်သူ အင်အားများနေသောကြောင့် စာရင်းသွင်းမှတ်တမ်းတင်ရန် ဘာသာပြန်ဆိုနေရသည့်အတွက် အချိန်ယူရသဖြင့် ကဒ်ပြားကို နောက်တစ်ရက်ကြာမှ ထုတ်ယူရသည်ဟု သူကဆက်ပြောသည်။

မွန်အမျိုးသား ကာဒ်ပြားဓါတ်ပုံရိုက်ပေးနေစဉ်။
နေ့စဉ်လူရာချီ လာရောက်စာရင်းပေးသွင်းနေကြသဖြင့် ယခုအခါ စုစုပေါင်း လူဦးရေ ၅ ရာကျော်ကို ကဒ်ပြားပြုလုပ်ထုတ်ပေးနိုင်ခဲ့ပြီး လာရောက်စာရင်းပေးသွင်းသူများလည်း ယနေ့အထိရှိနေဆဲဖြစ်သည်။

“မနှစ်က ကျမတို့လုပ်ထားတဲ့ကဒ်ပြားကျလာတယ်၊ မွေးသက္ကရာဇ်က လက်ရှိအသက်နဲ့ဆိုရင် ရာကျော်နေတယ်၊ အချက်အလက်တွေတော်တော်လေးကိုမှားနေလို့ ရုံးကိုပြန်တင်ပေးထားတယ်၊ အခုထိမကျသေးဘူး တစ်နှစ်ကျော်ရှိပြီး” ဟု အမည်မဖော်လိုသူ မွန်အမျိုးသမီးတစ်ဦးက ပြောသည်။

ယခင်ပြုလုပ်ခဲ့သော ကဒ်ပြားများတွင် အမည်နှင့်ရုပ်ပုံလွဲမှားမှု ၊မိဘအမည်နှင့် နေရပ်လိပ်စာမှားလွဲမှုများနှင့် မွန်မြန်မာနံမည်လွဲမှားမှုများ ရှိသည်ဟု ပြုလုပ်ဖူးသူများက ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မွန်အလုပ်သမားတစ်ဦးက “ကျွန်တော်တို့က မွန်အမျိုးသားကဒ် သွားလုပ်ကြတယ်၊ ကဒ်တစ်ခုအတွက် ထိုင်းဘတ်ငွေ ၂၀ဝ ပေးရပါတယ်၊ သူတို့ ပြောတော့ နောက်လ ဆိုရမယ်လို့ပြောတယ်၊ ဒါပေမယ့် အခုထိကဒ်ပြားမရဘူး၊ တစ်နှစ်ကျော်ပြီး ဘာသတင်းမှ မကြားမိသေးဘူး” ဟု ပြောသည်။

၄င်းမွန်အမျိုးသားအသိအမှတ်ပြုကဒ်ပြားများကို ထိုင်းနိုင်ငံရှိ မွန်လူမျိုးများ၊ နယ်စပ်ဒေသနှင့် မွန်ပြည်သစ်ပါတီ လက်အောက်ခံနယ်မြေဒေသများတွင် ယခုအခါဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်း

1 COMMENT

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts