Homeသတင်းတိုင်းရင်းသားသတင်းစာ၊ဂျာနယ်များထုတ်ဝေရန်ညီနောင်ပါတီများသဘောတူ

တိုင်းရင်းသားသတင်းစာ၊ဂျာနယ်များထုတ်ဝေရန်ညီနောင်ပါတီများသဘောတူ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – တိုင်းရင်းသားစာပေ ပိုမိုလေ့လာနိုင်ရေးအထောက်အကူဖြစ်စေရန် နေ့စဉ်(သို့မဟုတ်)အပတ်စဉ်ထုတ် သတင်းစာ၊ဂျာနယ်စာစောင်တို့ကို သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစာပေ ထုတ်ဝေရေးနှင့်ပတ်သက်၍ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP က ညီနောင်ပါတီများနှင့်အတူ သဘောတူလက်မှတ်ရေး ထိုးခဲ့သည်။

ညီနောင် ၆ ပါတီတို့သဘောတူညီမှုလက်မှတ်(FaceBook)
အဆိုပါသဘောတူလက်မှတ်ရေးထိုးပွဲတွင် ညီနောင်တိုင်းရင်းသားများ ၆ ပါတီဖြစ်ကြသည့် မွန် ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်း၊ ချင်းအမျိုးသားပါတီဥက္ကဌ မူဇိုးဇမ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီအထွေထွေအတွင်းရေးမှူး စဘီကျင်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလှကျော်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌဦးတင်ဝင်းနှင့် ကယန်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး စာခွန်းနန်းရီတို့ ယမန်နေ့က ရန်ကုန်မြို့တွင်၊ သဘောတူလက်မှတ်ရေးထိုးပြီး ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်သည်။

ယင်းထုတ်ပြန်ချက်အချက် ၆ ချက်အနက် ယခုအခါတိုင်းရင်းသားဘာသာစာပေ သင်ကြားခွင့်ပြု ထားပြီးဖြစ်ရာ သတင်းစာ၊ ဂျာနယ်စာစောင်တို့ကို မိမိဒေသအလိုက် သက်ဆိုင်ရာတိုင်းရင်းသား ဘာသာစာပေဖြင့် ထုတ်ဝေရေး၊ နိုင်ငံတော်မှ ကောက်ယူမည့် သန်းခေါင်းစာရင်းတွင် သက်ဆိုင်ရာတိုင်းရင်းသားများ၏ နာမည်၊ လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာတို့ကို တိကျမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပြောင်းရွှေ့တာဝန်ပေးခြင်းနှင့် ရာထူးခန့်အပ်ရာတွင် တိုင်းရင်းသားများကို ဦးစားပေခန့်ထားပေးခြင်းတို့ပါရှိသည်။

မွန်ဒီမိုကရေစီပါတီ (MDP)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းကြည် ဝင်းက “ကျနော်တို့ပါတီအနေနဲ့ တိုင်းရင်းသားစာပေသတင်းစာဂျာနယ်တွေ ထုတ်ဝေမယ့်အစီအစဉ် မရှိသေးဘူး” ဟု ပြောသည်။

လက်ရှိမွန်ဘာသာဖြင့် အမတ်ဒိန်သတင်းဂျာနယ်၊ စနောင်းတိုင်းမွန်သတင်းစာ Guiding Star Mon Newspaper နှင့် The Voice of Mon ဂျာနယ်တို့ ထုတ်ဝေလျှက်ရှိသော်လည်း တရားဝင်မှုမဖြစ်သေးပေ။

လွတ်လပ်သောမွန်သတင်းအေဂျင်စီ၏ လစဉ်ထုတ်စနောင်းတိုင်းမွန်သတင်းစာ Guiding Star Mon Newspaper ပြည်တွင်း၌ တရားဝင်ရုံးစိုက်ရန် ပြင်ဆင်လျှက်ရှိသည်။

နိုင်ငံတွင်းထုတ်ဝေစာအားလုံးကို သြဂုတ်လ ၂၀ ရက် ယနေ့မှစ၍ မြန်မာနိုင်ငံပုံနှိပ်မီဒီယာလောက၌ ထုတ်တင်စနစ်သို့ ပြောင်းလဲလိုက်ပြီဖြစ်ရာ စာပေစိစစ်ရေးထံ ကြိုတင် တင်ပြရန်မလိုအပ်တော့ဟု သိရသည်။

ရန်ကုန်အခြေစိုက် မွန်-မြန်မာနှစ်ဘာသာ ထုတ်ဝေလေ့ရှိသော လဝီဟံသာမဂ္ဂဇင်းသည် ယခင်က မဂ္ဂဇင်းထုတ်ဝေရန် စာပေစိစစ်ရေးရုံးသို့ကြိုတင် တင်ပြရသဖြင့် သတ်မှတ်ချိန်နောက်ကျပြီးမှ ထုတ်ဝေခဲ့ရကြောင်း ရန်ကုန်မွန်စာပေယဉ် ကျေးမှုအသင်း(ရန်ကုန်) လဝီဟံသာ မဂ္ဂဇင်း ထုတ်ဝေသူတာဝန်ခံ နိုင်စိုးကြည်က ပြောသည်။

၎င်းက “အခုဆို စာပေစိစစ်ရေးရုံးမရှိတော့ဘူးဆိုတော့ ပုံနှိပ်ထုတ်ဝေဖို့ ပိုမြန်လာတာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားစာပေထုတ်ဝေသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတိုက်များ မရှိသေးဟုသိရသည်။

National Brotherhood Forum ဟုခေါ်သည့် ညီနောင်တိုင်းရင်းသား ၆ ပါတီအဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ ဖြစ်ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts