Homeသတင်းထုတ်ဝေစာအားလုံး ထုတ်တင်စနစ်ကျင့်သုံးပြီ

ထုတ်ဝေစာအားလုံး ထုတ်တင်စနစ်ကျင့်သုံးပြီ

-

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – နိုင်ငံတွင်းထုတ်ဝေစာအားလုံးကို သြဂုတ်လ ၂၀ ရက် ယနေ့မှစ၍ မြန်မာနိုင်ငံပုံနှိပ်မီဒီယာလောက၌ ထုတ်တင်စနစ်သို့ ပြောင်းလဲလိုက်ပြီဖြစ်သည်။

မီဒီယာဖိနှိပ်မှုကိုဆန့်ကျင်သူများ (Photo-Reuters)
မီဒီယာဖိနှိပ်မှုကိုဆန့်ကျင်သူများ (Photo-Reuters)

“ကျနော်တို့ဂျာနယ်ထုတ်ဝေသူကို စာပေစိစစ်ရေးက ဒီကနေ့မနက် ၁၀ နာရီမှာခေါ်တွေ့ပြီး တင်ထုတ်စနစ်မရှိတော့တဲ့အကြောင်း ရှင်းပြတယ်၊ စည်းကမ်းချက်တွေ ကန့်သတ်ချက်တွေကိုလည်း ရှင်းပြတယ်၊ ဘာပဲပြောပြော စိစစ်ရေးကိုတင်ပြပြီးမှ ထုတ်ဝေနေရတဲ့ဒုက္ခတွေကနေ ကင်းလွတ်သွားပြီ”ဟု မော်လမြိုင်အခြေစိုက် သံလွင်တိုင်းမ်းဂျာနယ် ထုတ်ဝေသူနှင့်အယ်ဒီတာချုပ် နိုင်ချမ်းတွဲ့က ပြောသည်။

ယနေ့နံနက်ပိုင်း၌ ရန်ကုန်မြို့၊ ဝင်္ကဘာလမ်းရှိ စာပေစိစစ်ရေးရုံးတွင် သတင်း၊ ဂျာနယ်၊ မဂ္ဂဇင်းထုတ်ဝေသူများနှင့် အယ်ဒီတာများ ၆၀ ဦးခန့်တက်ရောက်ပြီး တာဝန်ရှိသူများက တစ်နာရီကြာတွေ့ဆုံရှင်းပြခဲ့သည်ဟုလည်း နိုင်ချမ်းတွဲ့က ဆက်ပြောသည်။

သို့ရာတွင် ပုံနှိပ်ထုတ်ဝေပြီးသောစာစောင်များကို သတ်မှတ်စောင်ရေများအတိုင်း စာပေစိစစ်ရေးရုံးသို့ တင်ပြရမည်ဟု သိရသည်။

“ထုတ်တင်စနစ်အားလုံးတပြေးညီဖြစ်သွားတာကို ကြိုဆိုပါတယ်၊ တဖက်မှာလည်း သတင်းမီဒီယာသမားတွေအနေနဲ့ တာဝန်တွေပိုကြီးလာတယ်၊ ဒါကြောင့် မီဒီယာသမားတွေအနေနဲ့ ပိုသတိရှိဖို့လိုအပ်လာတယ်” ဟု သံလွင်တိုင်းမ်အယ်ဒီတာအဖွဲ့ဝင် မင်းမင်းနွယ်က ပြောသည်။

မြန်မာနိုင်ငံတွင် မီဒီယာဥပဒေများ တိကျစွာထုတ်ပြန်ထားခြင်းမရှိသေးခြင်းကြောင့် အီလက်ထရောနစ်ပုဒ်မနှင့် အသရေဖျက်မှုပုဒ်မများသည် သတင်းမီဒီယာသမားများအား ခြိမ်းခြောက်လျှက်ရှိနေကြောင်း သူက ဆက်ပြောသည်။

စာမူများစိစစ်ခြင်းနှင့်ပတ်သက်၍ မူဝါဒများပြောင်းလဲခဲ့ရာတွင် ယခုအခါပဉ္စမအဆင့်အနေဖြင့် နိုင်ငံရေး၊ ဘာသာရေးဆိုင်ရာနှင့် သက်ဆိုင်သောဂျာနယ် ၈၆ စောင်၊ မဂ္ဂဇင်း ၅၅ စောင်၊ ယင်းအမျိုးအစားနှင့် အကျုံးဝင်သောအထွေထွေစာအုပ်များအပါအဝင် ပြက္ခဒိန်၊ ပို့စကဒ်၊ သဝဏ်လွှာ၊ တေးသီချင်းစာမူများ၊ သံရုံးစာပေများကို ထုတ်တင်စနစ်သို့ပြောင်းလဲသတ်မှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန အင်တာနက်သတင်းစာမျက်နှာတွင် ဆက်လက်ဖေါ်ပြထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် စာပေစိစစ်ရေးမူဝါဒများ ပြောင်းလဲကျင့်သုံးခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင်ပထမအဆင့်အနေဖြင့် အနုပညာ၊ သုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာ၊ အားကစားနှင့် ယင်းအမျိုးအစားများနှင့်အကျုံးဝင်သော အထွေထွေစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြနှင့် ထီပေါက်စဉ်များကို၄င်း၊ ဒုတိယအဆင့် ၂၀၁၁ ဒီဇင်ဘာ ၉ ရက်နေ့တွင် စီးပွားရေး၊ မှုခင်းနှင့် ဥပဒေဆိုင်ရာဘာသာရပ် ၂ မျိုး၊ တတိယအဆင့် ၂၀၁၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ပညာရေးဆိုင်ရာဂျာနယ်၊ အထွေထွေစာအုပ်၊ စာစောင်များနှင့် စတုတ္ထအဆင့်အဖြစ် ဝတ္တုစာမူများကို ထုတ်တင်စနစ်သို့ ခွင့်ပြုခဲ့ပြီးဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts