Thursday, March 12, 2026
More
    spot_img
    Homeသတင်းဒီမိုကရေစီလမ်းကြောင်းနှင့်ကိုက်ညီမှုမရှိသည့် ဧည့်စာရင်းတိုင်ကြားခြင်းဥပဒေကိုဆက်လက်ပြဌာန်း

    ဒီမိုကရေစီလမ်းကြောင်းနှင့်ကိုက်ညီမှုမရှိသည့် ဧည့်စာရင်းတိုင်ကြားခြင်းဥပဒေကိုဆက်လက်ပြဌာန်း

    -

    ခတ္တာနွန် – ဧည့်စာရင်းတိုင်ကြားခြင်းဥပဒေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေတွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြည်သူ့လွှတ်တော်၌ အတည်ပြုခဲ့သည်။

    တရားမျှတခြင်းသင်္ကေတ(Photo-Internet)
    ယင်းဥပဒေပါ အခန်း (၉) ပုဒ်မ ၁၇ / (က) (ခ) တွင် မိမိအိမ်ထောင်စုစာရင်းဝင်မဟုတ်သူက ညဉ့်အိပ်ညဉ့်နေ ဧည့်သည်အဖြစ် လာရောက် တည်းခိုခြင်း၊ မိမိထံလာရောက်တည်းခိုသော ဧည့်သည်ပြန်လည် ထွက်ခွာသွားခြင်းတို့ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထံ သတ်မှတ်ချက်နှင့်အညီတိုင်ကြားရန် တာဝန်ရှိသည်ဟု ၂၅ ရက်နေ့ထုတ် မြန်မာအစိုးရသတင်းစာများတွင် ယင်းဥပဒေကိုဖေါ်ပြခဲ့သည်။

    “အခုလို ဒီဥပဒေကို ထည့်သွင်းထားလိုက်ခြင်းအားဖြင့် ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းသာယာနေပြီဆိုတဲ့ အခြေအနေမျိုး မရှိသေးဘူးဆိုတာကို ဖော်ပြနေသလိုဖြစ်နေပါတယ်” ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးမျိုး (ဥပဒေရေးရာသုံးသပ်ရေးဌာန) ကပြောသည်။

    မိမိတို့နိုင်ငံ ငြိမ်းချမ်း၍လွတ်လပ်နေပြီဟု ယုံကြည်လျှင် ယင်းကဲ့သိုသော ဥပဒေအား ပြဌာန်းရန် မလိုကြောင်း ဦးမျိုး (ဥပဒေ) ကဆက်ပြောသည်။

    ယင်းဥပဒေပါ အခန်း (၁၁) ပုဒ်မ ၂၇ အရ ဧည့်စာရင်းတိုင်ကြားခြင်းမပြုပါက အရေးယူခံရမည်ဖြစ်ကြောင်း၊ ပြစ်ဒဏ်အဖြစ် ကျပ်ငါးထောင်ထက်မပိုသော ငွေဒဏ်နှင့်၊ ခုနစ်ရက်ထက်မပိုသော ထောင်ဒဏ်ကျခံရမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

    “ကိုယ့်နိုင်ငံ လွတ်လပ်ရေးမရခင် ကိုလိုနီခေတ်ကတည်းက မြိူ့ပြဆိုင်ရာအုပ်ချုပ်ရေး အက်ဥပဒေအရ ဧည့်စာရင်းမတိုင်ရင် အပြစ်ဒဏ်ပေးတာတို့ ထောင်ချတာတို့လုပ်ခဲ့တာပဲ၊ အခုလွတ်လပ်ရေးရပြီးကိုယ့်နိုင်ငံ အေးချမ်းနေပြီဆိုတဲ့အခြေအနေကို ပြနိုင်လောက်တဲ့ ဥပဒေမျိုးမဟုတ်ဘူး” ဟု ဦးမျိုး (ဥပဒေ) မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီမှ သုံးသပ်သည်။

    တစ်ခြားသော ဒီမိုကရေစီနိုင်ငံများတွင် ဧည့်စာရင်းတိုင်ကြားခြင်းဥပဒေမရှိကြောင်း၊ ဒီမိုကရေစီနိုင်ငံသို့ချီတက်နေပြီဟုပြောဆိုနေပြီး ယင်းကဲ့သို့ ဥပဒေတစ်ရပ်အဖြစ် ထည့်သွင်းဖော်ပြထားခြင်းကို နားမလည်မိကြောင်းလည်း သူကဆက်ပြောသည်။

    ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခန့်အပ်သည့်ပုံစံနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ဗြောင်မဲပေး၍ရွေးချယ်သွားရန်အဆို ရှုံးနိမ့်ခဲ့သည်။

    ဧည့်စရင်းတိုင်ကြားခြင်းဥပဒေသည် အင်္ဂလိပ်ကိုလိုနီလက်ထက် ၁၉၀၇ ခုနှစ်ကတည်းမှပြဌာန်းခဲ့ပြီး ယခုကာလအထိပြုပြင်ပြောင်းလဲမှုမရှိဘဲ ဆက်လက်အတည်ပြုထားခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks