Homeသတင်းဘုရားသုံးဆူမြို့နယ်ခွဲတွင် NLD ဆိုင်းဘုတ်တင်ရုံးဖွင့်ပွဲကျင်းပ

ဘုရားသုံးဆူမြို့နယ်ခွဲတွင် NLD ဆိုင်းဘုတ်တင်ရုံးဖွင့်ပွဲကျင်းပ

-

မိလယီထော – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်ခွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဆိုင်းဘုတ်တင်ရုံးဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီတိတိတွင် ကျင်းပခဲ့သည်။

ဘုရားသုံးဆူမြို့၊ NLD ရုံးစိုက်ရာ အမှတ်(၃)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းမကြီးမျက်နှာစာတွင် အခမ်းအနားကျင်းပခဲ့ခြင်း ဖြစ်သည်။

ဘုရားသုံးဆူမြို့နယ်ခွဲတွင် NLD ဆိုင်းဘုတ်တင်ရုံးဖွင့်ပွဲ (Photo-IMNA)
“မနက်စော ဘုန်းတော်ကြီးဆွမ်းကပ်တယ်၊ ၈ နာရီမှာအခမ်းအနားစပါတယ်၊ ပြည်နယ်နဲ့ရန်ကုန်ရုံးချုပ်က သဝဏ်လွှာတွေကို ဖတ်ကြားတယ်” ဟု NLD ဆက်ဆံရေးတာဝန်ခံ ဦးထိန်လင်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးပေးပို့ခဲ့သော သဝဏ်လွှာကို ဘုရားသုံးဆူမြို့နယ်ခွဲ ဒုဥက္ကဌဦးမင်းလွင်က အခမ်းအနားတွင်ဖတ်ကြားခဲ့သည်။

ထို့အပြင် နံရပ်ကပ်ပန်းချီ၊ ကာတွန်း၊ ကဗျာများကိုလည်း သတင်းပြန်ကြားရေးသင်ပုန်းတွင် ဖေါ်ပြထားသဖြင့် အားပေးသူများပြားပြီး ဒေသခံ ၅၀၀ နီးပါးခန့်တက်ရောက်ကြကြောင်း သိရသည်။

“လောလောဆယ် ဘုရားသုံးဆူမှာ NLD အဖွဲ့ဝင် ၂၅၀ ကျော် လျှောက်လွှာတင်ပြီးသွားပါပြီ၊ နောက်ထပ်ဝင်လာမယ့်သူတွေလည်းရှိနေပါတယ်၊ ကျနော်တို့က အမြဲတမ်းလက်ကမ်းကြိုဆိုနေပါတယ်” ဟု ဦးထိန်လင်းက ပြောသည်။

အခမ်းအနားတွင် NLD အထိမ်းအမှတ်တီရှပ်များ၊ စာစောင်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာများ ရောင်းချနေသည်ကိုတွေ့ရှိရသည်။

“ကျနော်တို့ ဘုရားသုံးဆူမြို့ဟာ နယ်စပ်မြို့ဖြစ်တဲ့အတွက် ပြည်တွင်းနဲ့လမ်းပန်းဆက်သွယ်ရေးခက်ခဲပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ကို ဒီကနေ့မှာ အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့လို့ အင်မတန်ထူးခြားတဲ့နေတစ်နေ့ပဲလို့ဆိုချင်ပါတယ်” ဟု NLD ဘုရားသုံးဆူမြို့နယ်ခွဲယာယီဥက္ကဌ ဦးသန်းလွင်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဘုရားသုံးဆူမြို့နယ်ခွဲ NLD အလုပ်အမှုဆောင်အဖွဲ့(ယာယီ)တွင် ဦးသန်းလွင်(ဥက္ကဌ)၊ ဦးမင်းလွင်(ဒုဥက္ကဌ)
ဦးမိုးဦး(အတွင်းရေးမှူး) တို့အပါအဝင် အလုပ်အမှုဆောင်(၂၃)ဦးဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts