Homeသတင်းရွှေလီမြစ်ပေါ်မှ ဆည်များကြောင့် ခန့်မှန်းခြေလူထု ၁၅၀၀၀ ထိခိုက်မှုရှိ

ရွှေလီမြစ်ပေါ်မှ ဆည်များကြောင့် ခန့်မှန်းခြေလူထု ၁၅၀၀၀ ထိခိုက်မှုရှိ

-

ရိုင်မရော့ – ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တည်ဆောက်နေသည့် ရွှေလီရေကာတာ နှစ်ခုကြောင့် ဒေသခံပြည်သူ ၁၅၀၀၀ အပေါ်

ရေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်များ
ရေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်များ

တိုက်ရိုက်ဆိုးကျိုးများ ခံစားနေရဟု တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ ယနေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေဆဲဖြစ်သည့် ရေကာတာကြီး နှစ်ခုကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော် အတင်းအဓမ္မ ပြောင်းရွှေ့ခံရပြီး ဒေသခံပြည်သူ သောင်းနှင့်ချီ ဆိုးကျိုးခံစားနေရကြောင်း ဖော်ပြထားသည်။

“အမှတ် (၂) နဲ့ အမှတ် (၃) ရေကာတာ တည်ဆောက်နေမှုကြောင့် ဒေသခံပြည်သူ သောင်းဂဏန်းနဲ့ ဆိုးကျိုးတွေ ခံစားနေရတယ်၊ လယ်မြေအသိမ်းခံရတယ်၊ ပြောင်းရွှေ့ခံရတယ် ဒါတွေမကဘူး ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်း ဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းတို့ လယ်လုပ်တာတွေကိုပါ စစ်တပ်ကနေပြီးတော့ တားဆီးထားတာရှိတယ်” ဟု တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး မိုင်းအောင်ကိုက ပြောသည်။

၂၀၀၈ ခုနှစ်တွင် ဆောက်လုပ်ပြီးခဲ့သော ရေကာတာအမှတ် (၁) တွင် လျှပ်စစ်ဓာတ်အားအသုံးပြုခွင့်မရသည့်အပြင် အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ တပ်စခန်းချပြီး စစ်ပုံစံအတင်းသွတ်သွင်းခြင်းတို့ ပြုလုပ်ခဲ့သည်။

၄င်းပြင် ရေကာတာ အမှတ် (၂) နှင့် (၃) အတွက်လည်း လက်ဖက်ခြံမြေ၊ စပါးစိုက်ခင်းနှင့် သစ်တော စုစုပေါင်း ဧက ၃၀၀၀၀ ကျော်ကိုလည်း ရေလွှမ်းစေကာ အမှတ် (၃) ရေကာတာအတွက် ကျေးရွာ ၅ ရွာလည်း အတင်းအဓမ္မပြောင်းရွှေ့ရန် အမိန့်ချမှတ်ပြီးဖြစ်သည်။

မိုင်းအောင်ကိုက “အမှတ် ၃ ရေကာတာအတွက် ရွာ ၅ ရွာကို ၂၀၁၃ ခုနှစ်ကျရင် ပြောင်းရွှေ့ရမယ်လို့ အမိန့်ချထားပြီးပြီ” ဟု ပြောသည်။

ရေကာတာလုံခြုံရေးအတွက်ဆိုပြီး တိုးချဲ့လာသည့် တပ်အင်အားများကြောင့် ဒေသခံပြည်သူတို့၏ ခြံမြေများ သိမ်းယူခြင်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပိတ်ပင်တားဆီးခြင်း၊ သွားလာခွင့် ပိတ်ပင်ခြင်း စသည်တို့ ဒေသခံများ လက်ရှိ တွေ့ကြံုခံစားနေရသည်။

“နိုင်ငံခြားကနေလာပြီး ရေကာတာ ဆောက်လုပ်သူတွေဟာ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ စစ်မီးကို အလေးထားဂရုပြုပြီး ရင်းနှီး မြုပ်နှံမှုတွေကို ချက်ချင်း ပြန်ရုပ်သိမ်းသင့်ပါတယ်” ဟု မိုင်းအောင်ကိုက ကြေငြာချက်မှာ ပြောထားသည်။

လျှပ်စစ် ဓာတ်အား မဂ္ဂါ၀ပ် ၅၂၀ ထုတ်လုပ်ပေးနိုင်သည့် ရွှေလီ အမှတ် ၂ ရေကာတာ စီမံကိန်းကို တရုတ်အစိုးရက တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း(BOT) စနစ်ဖြင့် ပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးထားကြောင်း TSYO ၏ ယနေ့ ထုတ်ပြန်သည့် “ထိန်းချုပ်မှုအောက်က မြစ်ရွှေလီ” အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမှတ် ၃ ရေကာတာကို ဆွစ်ဇာလန်နိုင်ငံမှ ကိုလန်ကို စွမ်းအင် အင်ဂျင်နီယာ ကုမ္ပ္မဏီက (Colenco Power Engineering) မြန်မာနိုင်ငံ အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။ အမှတ် ၃ ရေကာတာသည် မဂ္ဂါ၀ပ် ၁၀၅၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် အဆုံးသတ်နိုင်မည်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts