spot_img
Sunday, April 28, 2024
More
    spot_img
    Homeဆောင်းပါးသီတာရေစင်ပမာ တသွင်သွင်စီးကျနေသာ

    သီတာရေစင်ပမာ တသွင်သွင်စီးကျနေသာ

    -

    မင်းတော်လဝီ – ထောင်ဒဏ်နှစ်ရှည်ကျခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျ၏ မိခင်ကြီး မိချစ်ဖွားမှာ ရောဂါဘယဖိစီးပြီး ကွယ်လွန်ခါနီးအချိန်မှာ သားကိုနောက်ဆုံး တွေ့လိုသောဆန္ဒကြောင့် ရောဂါဝေဒနာ ပို၍ပြင်းထန်လာသည်။ သို့သော် သားကိုတွေ့ခွင့် မရဘဲ သားလွတ်မြောက်ပြီး ပြန်လာမည့်ရက်ကိုမျှော်ရင်း ပူဆွေးတမ်းတဗျာပါဒနှင့်အတူ ကွယ်လွန်သွားရရှာသည်။

    သားတို့ရုပ်ရည် သီတာမည်သာ ရေကြည်ချမ်းမြ တပေါက်ကျလာ မိဘတို့ဝမ်း ငြိမ်းစတမ်း ဟုဆိုသည်။ဤြုသဝါဒသည်ပင် မိဘတို့မှာ နှလုံးစိတ်၀မ်း ပီတိရွှမ်းစေရမည်သာ။ သို့သော် ရင်နှစ်သည်းချာ သားရတနာနှင့် ကွေကွင်းနေရသည့်အခါ မိဘတို့မှာ ရေဝေးကြာပမာ ညှိုးငယ်နွမ်းလျ ဘဝင်မကျနိုင်ဘဲ ကြေကွဲဝမ်းနည်းနေရပြန်သည်။

    ထောင်ဒဏ်နှစ်ရှည်ကျခံနေရသည့် ကိုမင်းဇေယျ၏မိခင်ကြီး မိချစ်ဖွား အသက် (၇၆) နှစ် သည် ရောဂါဖိစီးပြီး အိပ်ယာပေါ်မှ မလှုပ်ရှားနိုင်တော့သည့် နောက်ဆုံးမေလ ၂၇ ရက်နေ့ည ၁၁ နာရီတွင် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာ၀က်ကျေးရွာတွင် ကွယ်လွန်သွားခဲ့ပါသည်။

    သို့သော် လားရှိုးထောင်မှာ နှစ်ရှည်ထောင်ဒဏ် ၆၅ နှစ် ၆ လကြာအထိ ကျခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျဟာ သူ့မိခင်ကြီး မိချစ်ဖွား ကွယ်လွန်သွားတာကို သိခွင့်မရရှာပါဘူး။

    မိခင်ကြီးက “သားဇေယျရောက််ခါနီးပြီးလား” ဟု စကားမပီ လေသံပျော့နှင့်မေးပြီး မျက်လုံးကို အားယူ ပြီးဖွင့်ကြည့်သော်လည်း သားကိုမတွေ့ရ။ နှစ်ခါမေးပြီးလည်း သားကိုမတွေ့ရ။ တွေ့လိုဇောနဲ့ မျှော်သာမျှော် ပေါ်မလာနိုင်တော့ မျှော်ကာဇောနှင့်မောပြီး မျက်စိကို အသာမှိတ်ကာ မနိုးသောအိပ််ခြင်းဖြင့်အိပ်စက်သွားပါတော့တယ်” ဟု မိခင်ကိုပြုစုခဲ့သူ ကိုမင်းဇေယျ၏ ညီမ မိနွဲ့နွဲ့ရီ အသက် ၅၀ နှစ်က ပြောပြသည်။

    မိခင်ကွယ်လွန်ကြောင်း ကိုမင်းဇေယျကို အကြောင်းကြားပေးပါရန် မိသားစုဝင်များက ထောင်အာဏာပိုင်များထံ မေတ္တာရပ်ခံခဲ့သော်လည်း အကြောင်းကြားမပေးနိုင်ကြောင်း တုံ့ပြန်ခဲ့သည်ဟု မိနွဲ့နွဲ့ရီက ပြောသည်။

    “အမေဆုံးတဲ့နေ့ (မေလ ၂၇ ရက်) နေ့မှာပဲ ကျမမောင် ကိုအောင်နိုင်က လားရှိုးထောင်ကို ဖုန်းဆက်တယ်။ အကို့ကို မိခင်စျာပနမှာ ဂါရဝ ပြုခွင့်ပေးဖို့ တောင်းတယ်။ ထောင်အာဏာပိုင်တွေက မရဘူးလို့ ပြောတယ်။ ဒါဖြင့် အကို့ကို အမေဆုံးတဲ့အကြောင်း ပြောပေးပါလို့ တောင်းပန်တယ်၊ နိုင်ငံရေး အကျဉ်းသားကို ငါတို့ မဆက်ဆံဘူးလို့ ကျမမောင်ကို ပြောလွှတ်လိုက်တယ်” ဟု မိနွဲ့နွဲ့ရီက ပြောသည်။

    မိခင်ကြီးကို နောက်ဆုံးဂါရဝ မပြုလိုက်ရသည့် ကိုမင်းဇေယျကို ရည်ရွယ်ပြီး မိသားစုဝင်များက စျာပန မှတ်တမ်းဓါတ်ပုံ၊ ဗီဒီယိုများကို ရိုက်ကူးထားကာ မိခင်၏ အရိုးပြာ အုတ်ဂူကို မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာရှိ သုဿာန်တွင် တည်ထားခဲ့သည်ဟု သူမက ပြောသည်။

    “အဖေဆုံးတုန်းက အကို မှီလိုက်တယ်၊ အဲဒီတုန်းကဆို ကျမတို့ အုတ်ဂူ မလုပ်လိုက်ဘူး၊ အခု အကိုက အမေဆုံးတာကို မမြင်လိုက်ရဘူး၊ ဂါရဝ ပြုခွင့်လည်း မရလိုက်ဘူး၊ အကို ပြန်လွတ်လာတဲ့ တနေ့မှာ အမေ့ကို ကန်တော့နိုင်ဖို့ ကျမတို့ အုတ်ဂူ လုပ်ထားပါတယ်” ဟု မိနွဲ့နွဲ့ရီက ငိုယိုလျက် ပြောပြသည်။

    စျာပန အခမ်းအနားသို့ မုဒုံမြို့နယ် ထောက်လှမ်းရေး ၂ ယောက်နှင့် ရန်ကုန်မှ ထောက် လှမ်းရေး ၁ ယောက် လာရောက်လေ့လာပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ယူသွားကြောင်း ကိုမင်းဇေယျ၏ အကိုဖြစ်သူ ကိုမောင်သိန်းက ပြောသည်။

    မိခင်ကြီး၏ စျာပနအခမ်းအနားသို ့နောက်ဆုံးဂါရပြုခွင့်မရသည့် ကိုမင်းဇေယျ၏အဖြစ်ကို သိရသူအားလုံးက ဂရုဏာသက်ကြသလို အာဏာရှင်စစ်အုပ်စုကို ရွံမုန်းပြီး အော့နှလုံးနာ ကြသည်။

    သို့သော် ရန်ကုန်မှ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နှင့် လုပ်ဖော်ကိုင်ဖက်များက လွမ်းသူ့ပန်း ခွေများ ပေးပို့ခဲ့သည်။ စျာပနသို့ ကိုမင်းဇေယျ၏ဇနီး ဒေါ်ချိုချိုဝင်း၊ ဒီမိုကရေစီအင်အားစုများ၊ နိုင်ငံရေးပါတီအချို့မှ ပုဂ္ဂိုလ်များ၊ ဆွေမျိုးသားချင်းနှင့်ရွာသူရွာသား ၃၀၀၀ ကျော် လိုက်ပါ ပို့ဆောင်ခဲ့ကြ၍ မိခင်ကြီး မိချစ်ဖွား၏စျာပနပွဲက ဘုန်းကြီးပျံပွဲလို စည်ကားသည်ဟု ကမာဝက်ကျေးရွာ နာရေးအသင်းမှ အဖွဲ့ဝင်လူကြီးတဦးက ပြောပြသည်။

    “အမေရောဂါသဲနေချိန် မေလ ၂၀ ရက်တုံးက အမေနေကောင်းလာရင် ကျန်းမာလာရင် သားဇေယျရှိတဲ့ လားရှိုးထောင်ကို လိုက်ပို့ပေးဖို့ပြောတယ်၊ သူလွတ်လာရင် သားဇေယျ ဆီ သွားနေမယ််လို့ ပြောတယ်၊ သားသမီးတွေကလည်း လိုက်ပို့ပေးမဲ့အကြောင်း ဂတိပေးကြတယ်။ဒီတောင်ကို အမေ ဘယ်နည်းနဲ့မှ မကျော်နိုင်တော့ဘူးဆိုတာ သိနေတော့ သားသမီးတွေက စီးကျလာတဲ့မျက်ရည်ကို အမေ မတွေ့အောင် ကိုယ်စီသုတ်ပြီး အမေကို ဆက်ပြုစုကြတယ်” ဟုကိုမင်းဇေယျရဲ့ ညီ နိုင်အောင်နိုင်က ပြောပြသည်။

    “ဒင်းတို့မတရားတဲ့ဥပဒေနဲ့ ငါ့သားရော သူ့အပေါင်းအသင်းတွေပါ နှစ်ရှည်ထောင်ဒဏ်ချ လိုက်တော့ ထောင်ကျခံသူတွေက ဆင်းရဲဒုက္ခ အကြီးအကျယ်ဖြစ်ရပြီ၊နောက်ပြီး ကျန်တဲ့မိသားစုတွေကလည်း သောကဗျာပါဒ ဆင်းရဲဒုက္ခ အကြီးအကျယ် ရောက်ရပြန်တယ်” ဟု ကိုမင်းဇေယျကို ထောင်ဒဏ်အမိန့်ချမှတ်စဉ်က မိချစ်ဖွား ရှိုက်ကြီးတငင်ငိုယိုပြီး ပြောဆိုခဲ့တာကို မိချစ်ဖွား၏မောင်ဖြစ်သူ ကမာဝက်ကျေးရွာ ကျိုက်ဇယ်စေတီ ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “အမေ အကို့ကိုချည်း စဉ်းစားမနေနဲ့၊ ဧပြီပထမပတ် အကိုနဲ့တွေ့တုံးက  အခုတက်လာတဲ့ အစိုးရက မလွှတ်ပေးရင် ၅ နှစ်ကြာပြီး နောက်ရွေးကောက်ပွဲနဲ့ တက်လာမယ့် အစိုးရကျရင် ကြိမ်းသေလွှတ်မှာလို့ အကို ပြောခဲ့တယ်၊ အမေ့ကို ပြောပြလိုက်ပါတဲ့၊ အပြစ်မှမရှိတာတဲ့၊ အမေအမြဲသတိရနေရဖို့ကအမေပြုခဲ့တဲ့ကုသိုလ်ကောင်းမှုကိုပဲအမြဲနှလုံးသွင်းပါ” ဟု မကြာခင် ရက်ပိုင်းက လားရှိုးထောင်ကို ထောင်ဝင်စာနှင့် ကိုမင်းဇေယျကိုတွေ့ပြီး ပြန်လာသည့် မိနွဲ့နွဲ့ရီက မိခင်ကို ပြောခဲ့သည်။

    ကိုမင်းဇေယျတို့ မိသားစုထဲမှာ ကိုမင်းဇေယျ နှစ်ရှည်ထောင်ဒဏ်ကျသွားတာကို မိသားစုဝင်အားလုံး ယူကြုံးမရဖြစ်ကြသော်လည်း ကိုမင်းဇေယျ၏ညီမ မိနွဲ့့့နွဲ့ရီ တစ်ယောက်က တရားလက်လွတ် ဝမ်းနည်းတတ်သူမဟုတ်၊ ယုံကြည်ချက်ကြောင့်နှင့် မတရားတာကို ဆန့်ကျင်လို့ ထောင်ကျတာကို ဂုဏ်တောင်ယူသေးတယ်၊ အပြစ်ရှိ တာမှမဟုတ်တာ အမှန်တရားဟာ အမှန်တရားပါပဲ၊လွတ်ရမှာပဲဟုသူမမိခင်နှင့် ညီအကိုမောင်နှမတွေကို အမြဲ အားပေးပြောလေ့ရှိတဲ့ မိနွဲ့နွဲ့ရီရဲ့အကြောင်းကို မိချစ်ဖွားမောင်က ပြောသည်။

    အမေဟာ သူ့သားသမီးအားလုံးထဲမှာကိုမင်းေဇယျာကိုုိဂရုစိုက်ဆုံးပဲ၊ပိုလည်းစိုးရိမ်တယ်၊ ပိုလဲချစ်တယ်၊ သူကျောင်းသားဘဝကတည်းက အများအကျိုးအတွက်ဆိုသူတဦးတည်း ပဲဖြစ်ဖြစ်အဖွဲ့နဲ့ပဲဖြစ်ဖြစ်ေကျာင်းမှာရောရွာမှာပါတက်ကြွစွာပါဝင်လှုပ်ရှှားနေတော့သူ့မိ သားစုအတွက်ကို ဘာမှမလုပ်မိဘူး၊အမေကအကိုဇေယျရဲ့ရှေ့ရေးကို ပိုပူမိတယ်ဟု ညီမ မိနွဲ့နွဲ့ရီက ပြော ပြသည်။

    “အမေရှိတုံးကရော အမေဆုံးပြီးနောက်ပိုင်းအခုရော ရန်ကုန်မှာရှိနေတဲ့ကိုမင်းဇေယျ တို့မိသားစုကိုကျနော်တို့ညီကိုေမာင်နှမမိသားစုတွေကဝိုင်းဝန်းကူညီစောင့်ရှောက်နေဆဲပါပဲ၊ကိုဇေယျမရှိတော့သူ့ဇနီးတစ်ဦးတည်းပါ၊သားသမီးမရှိဘူး၊ အထီးကျန် မဖြစ်အောင် ဝိုင်းဝန်းစောင့်ရှောက်အားပေးေနတယ်” ဟု ကိုမင်းဇေယျ၏ညီ နိုင်အောင်နိုင်က ဆက်ပြောသည်။

    ကွယ်လွန်သူ မိချစ်ဖွား၏ခင်ပွန်းမှာ နိုင်ဘရင် (ကွယ်လွန်) ဖြစ်ပြီး သားသမီး (၈) ယောက် ထွန်းကားခဲ့သည်။ ယောက်ျား (၅) ယောက်၊ မိန်းကလေး (၃) ယောက်ဖြစ်ပြီး ကိုမင်းဇေ ယျမှာတတိယမြောက်သားဖြစ်သည်။ ကိုမင်းဇေယျကို ၁၉၅၈ ခုနှစ်တွင်ကမာဝက်ရွာတွင် မွေးဖွားပြီး မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းမှာ နဝမတန်းအထိ ကမာဝက်ရွာ အထက်တန်းကျောင်းမှာနေပြီး တခါ ရန်ကုန်မြို့ အင်းစိန် အထက (၂) မှာ (ထိုစဉ်က တစ်နေ့ ကျောင်းတက်ချိန် နှစ်ချိန်ဖြစ်သည်၊ ကျောင်းပြင်ပချိန်မှာ အမှတ် ၄၈ ယာဉ်လိုင်း ကားနောက် လိုက််လုပ်ပြီး ကျောင်းစရိတ်ရှာ ကျောင်းတက်ခဲ့ရသည်) ၁၀ တန်းကို သမိုင်းဘာသာဂုဏ်ထူးဖြင့် ၁၉၈၃ ခုနှစ်မှာ အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေအဓိကဖြင့် ၁၉၈၇ ခုနှစ် နောက်ဆုံးနှစ် ကျောင်းမပြီးခင် အာဏာပိုင်များ ထိန်းသိမ်းခြင်းခံပြီး ၁၉၈၉ ခုနှစ်တွင် ပြန်လွတ်လာသည်။ တခါ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းပြီး ထပ်မံထိန်းသိမ်းခံရပြီး ယခုအခါ လားရှိုးအကျဉ်းထောင်မှာ ၆၅ နှစ် ၆ လနှစ်ရှည် ပြစ်ဒဏ်စီရင်ခြင်း ခံထားရသည်။

    လောကဓံတရား၏နှိပ်စက်မှုဒဏ်ကို မည်သို့ပင် ခံရဆိုစေကာမူ မိခင်ကြီး မိချစ်ဖွားမှာ ကွယ်လွန်ချိန်ထိ သူ့သားလှရတနာကို  တွေ့ခွင့်မရသွားသော်လည်း သူ့နှလုံးသားထဲမှာ ထာဝရ ကိန်းအောင်းသိမ်းဆည်းထားသည့် သားလူလေးရဲ့မျက်နှာကို မိခင်မာတာရဲ့ချစ်ခြင်း မေတ္တာနှင့် စိမ့်စိမ့်ကြည့်ရင်း သီတာရေစင်ပမာ တသွင်သွင်စီးကျ နေဦးမည်သာ။   

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts