Homeသတင်းWork permit လုပ်ချိန် ၃ ရက်သာ ကျန်တော့သည်

Work permit လုပ်ချိန် ၃ ရက်သာ ကျန်တော့သည်

-

ကျလွန်းထော – ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ တရားဝင်လုပ်သားမှတ်ပုံတင် (Work permit) လုပ်ရန် ၃ ရက်သာ ကျန်တော့ကြောင်း ထိုင်းအစိုးရ၏ ကြေငြာချက်အရ သိရသည်။

ပြီးခဲ့သည့်ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အတွင်း အချိန်တစ်လတိတိ ထိုင်းအစိုးရက မြန်မာရွှေ့ပြောင်းလုပ်သားများကို တရားဝင်လုပ်သားအဖြစ် မှတ်ပုံတင်ခွင့် ပေးနေခြင်းဖြစ်သည်။

တရားဝင်လုပ်သားမှတ်ပုံတင် ပြုလုပ်ရာတွင် ထိုင်းငွေ ၆၀၀၀ ဘတ် ကုန်ကျခဲ့သည်ဟု ထိုင်းနိုင်ငံ စံခလပူရီမြို့နယ်မှ အလုပ်သမားတစ်ဦးက ပြောသည်။

“ကျမတို့က ပွဲစားနဲ့လုပ်တာ အကုန်အကျများပါတယ်၊ တကယ်လို့ ကိုယ်တိုင်သွားရင် ဘတ် ၄၀၀၀ လောက်ပဲကုန်မယ်၊ အလုပ်လည်းမရှုပ်ရအောင် အချိန်ကနည်းနေတော့ မြန်ဆန်အောင်ဆိုပြီး ပွဲစားကတဆင့်လုပ်လိုက်တာ၊ ပတ်စပို့ဆက်လုပ်ဖို့ ကျန်သေးတယ်” ဟု သူမက ပြောသည်။

တရားဝင်လုပ်သားမှတ်ပုံတင်အတွက် ထိုင်းအစိုးရက တနေ့ချင်း one stop service လုပ်ရာတွင် ဘတ် ၃၈၀၀ သတ်မှတ်ခဲ့သော်လည်း ကြားပွဲစားများအနေဖြင့် ဘတ် ၆၀၀၀၊ ၇၀၀၀ အထိ ကုန်ကျနိုင်သည်ဟု သိရသည်။

မြန်မာပြည်အလုပ်သမားများ ထိုင်းနိုင်ငံ လုပ်ခွင်တစ်ခုမှမြင်ကွင်း
မြန်မာပြည်အလုပ်သမားများ ထိုင်းနိုင်ငံ လုပ်ခွင်တစ်ခုမှမြင်ကွင်း

တရားဝင်လုပ်သား မှတ်ပုံတင် ပြုလုပ်ရာတွင် အလုပ်ရှင်၏ ထောက်ခံချက်၊ ဆေးစစ်ချက်အပြင်၊ အမည်နေရပ်လိပ်စာ အပြည့်အစုံကို Form ဖြည့်ပေးသည်ဟု သိရသည်။

လက်ရှိအခြေအနေတွင် မြန်မာအလုပ်သမား စုစုပေါင်း ၅ သိန်းကျော် တရားဝင်လုပ်သားမှတ်ပုံတင် လာရောက်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဆက်လက် မှတ်ပုံတင်သူများလည်း ရှိနေသေးကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမားများ ကူညီစောင့်ရှောက်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မြန်မာအလုပ်သမားတွေ ဒီ (Work Permit) မလုပ်တဲ့သူ မရှိကြတော့ဘူး၊ (Work permit) မရှိရင် ယာယီနိုင်ငံကူးလက်မှတ် လုပ်လို့လည်းမရဘူးဆိုတော့၊ အကုန်လာလုပ်ကြတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသော မြန်မာအလုပ်သမားများမှာ ယာယီနိုင်ငံကူးလက်မှတ် ရရှိထားပြီးသူနှင့် တရားဝင်လုပ်သားမှတ်ပုံတင် (Work permit) ပြုလုပ်ပြီးသူစာရင်းအရ ၁၆ သိန်းကျော်ရှိပြီးဟု ၄င်းအလုပ်သမားကူညီစောင့်ရှောက်ရေးအေဂျင်စီ၏ စာရင်းအရ သိရသည်။

တစ်လအတွင်း တရားဝင်လုပ်သားမှတ်ပုံတင်ခွင့် ပြုလုပ်ရန် ထိုင်းအစိုးရမှ ခွင့်ပြုချက်ပေးထားပြီး ၄င်းတစ်လတာ ကာလအတွင်း အလုပ်သမားဦးရေး တစ်သန်းအထိ မှတ်ပုံတင်နိုင်ရန် ခန့်မှန်းထားသည်။ ထို့အပြင် အလုပ်သမားများ မှတ်ပုံတင်နေစဉ်ကာလအတွင်း ဖမ်းဆီးမှုမပြုလုပ်ရန် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံခြားရေးနှင့် အလုပ်သမားဝန်ကြီးဌာနများက ညွှန်ကြားထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts