Homeသတင်းကော့ကရိတ်မြို့နယ်တွင် ရွှေဆိုင်ဓါးပြတိုက်လူသတ်မှုဖြစ်

ကော့ကရိတ်မြို့နယ်တွင် ရွှေဆိုင်ဓါးပြတိုက်လူသတ်မှုဖြစ်

-

မင်းသုတ – လွန်ခဲ့သည့်စနေနေ့မွန်းလွဲပိုင်းက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာ၌ ရွှေဆိုင်ဓါးပြတိုက်မှုတရပ် ဖြစ်ပွားခဲ့ရာ ရွှေဆိုင်ပိုင်ရှင်တစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လက်နက်ငယ်ကိုင် ဓါးပြသုံးဦးတို့သည် မော်တော်ဆိုင်ကယ်ဦးထုပ် ကိုယ်စီဆောင်းထားကြပြီး ကမ်းနီကျေးရွာစျေးကြီးရှိ နိုင်ထွန်းဝင်းရွှေဆိုင်နှင့် မနန်းမြရွှေဆိုင်နှစ်ဆိုင်အား ဓါးပြတိုက်ခဲ့ခြင်းဖြစ်သည်။

မနန်းမြက ဓါးပြတိုက်တာကို အော်လိုက်တော့ ခေါင်းကို သေနတ်ပစ်ခံထိသွားတယ်၊ ပွဲချင်းပြီး သေသွားတယ်” ဟု ကမ်းနီကျေးရွာသူ မိအေးက ပြောသည်။

ထို့အတူ နိုင်ထွန်းဝင်းရွှေဆိုင်မှ ရွှေသားအထည် ၅၀ ကျပ်သားခန့်နှင့် မနန်းမြရွှေဆိုင်မှ ရွှေသားအထည် ၂၅၀ ကျပ်သားခန့် ဓါးပြများလက်ထဲ ပါသွားသည်ဟု ကမ်းနီကျေးရွာသားအချို့ ခန့်မှန်းပြောဆိုနေသည်။

အဆိုပါ ဓါးပြသုံးဦးအနက် အခင်းဖြစ်ပွားပြီး မကြာမီအချိန်တွင်း ပါဝင်ခဲ့သူဓါးပြတစ်ဦးကို ကမ်းနီကျေးရွာ ရဲစခန်းမှ ဖမ်းဆီးရမိသော်လည်း ကျန်နှစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ရွာသားအချို့ မှ သိရသည်။

ရွာမှာနေထိုင်ရတာ ငြိမ်းငြိမ်းချမ်းချမ်း မဖြစ်တော့ဘူး၊ ဟိုလိုလို ဒီလိုလို သတင်းထွက်နေပြီး ကြောက်နေကြရတယ်” ဟု ရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ကမ်းနီကျေးရွာသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ မွန်ကျေးရွာဖြစ်ပြီး မွန်၊ ကရင်တိုင်းရင်းသားများ နေထိုင်ကြသည်ဟု သိရသည်။ ကမ်းနီကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော်ခန့် ရှိမည်ဟုခန့် မှန်းရပါသည်။

စစ်အစိုးရနှင့်အပစ်ရပ်စဲခဲ့သည့် ကာလများတွင် အဆိုပါ ကမ်းနီကျေးရွာ၌ မွန်ပြည်သစ်ပါတီ၊ သထုံခရိုင်တပ်ရင်းလက်အောက်ခံတပ်များ လှုပ်ရှားရာ နယ်မြေဖြစ်ခဲ့သော်လည်း လက်ရှိ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ဆဲကာလ၌ မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ မသွားရောက်နိုင်တော့ပေ။ မွန်ပြည်သစ်ပါတီမှ ပြည့်ပြည့်ဝဝနှင့် လုံခြုံရေး မပေးနိုင်သည့်အတွက် ဓါးပြများ သောင်းကျန်းလာခြင်း ဖြစ်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ဆဲကာလ၌ မွန်နှင့်ကရင်ပြည်နယ် ဒေသအချို့တွင် ဗုံးပေါက်ကွဲခြင်း၊ စျေးဆိုင်၊ ရွှေဆိုင်အချို့ လုယက်တိုက်ခိုက်ခံရသည့် ကိစ္စရပ်များ မကြာမကြာ ဖြစ်ပေါ်နေပေသည်။ ပြည်သူတို့မှာလည်း လုံခြုံမှု မရှိတော့ကြောင်း ပြောဆိုနေပေသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts