Homeသတင်းသင်တန်းသား ၃၀၀ ကျော်ကို အခမဲ့ အင်္ဂလိပ်စာ သင်တန်း ပို့ချ

သင်တန်းသား ၃၀၀ ကျော်ကို အခမဲ့ အင်္ဂလိပ်စာ သင်တန်း ပို့ချ

-

မင်းတော်လဝီ – ကိုရင်လေးဟု ထင်ရှားသည့် ကျိုက်ဒေးတမော့ဗရတ် ဆရာတော် ဘဒ္ဒန္တ ပုပ္ဖရမ္မ ဦးစီးသည့် အခမဲ့ နွေရာသီ အင်္ဂလိပ်စာ သင်တန်းကို မွန်ပြည်နယ် ရေးမြို့နယ် ကျိုက်ဒေးတမော့ဗရတ်ကျောင်းတွင် ဖွင့်လှစ်လျက် ရှိသည်။

ကျိုက်ဒေးတမော့ဗရတ် ဆရာတော် ဘဒ္ဒန္တ ပုပ္ဖရမ္မ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
ကျိုက်ဒေးတမော့ဗရတ် ဆရာတော် ဘဒ္ဒန္တ ပုပ္ဖရမ္မ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

ဧပြီလ ၂၀ ရက်နေ့မှ မေလ ၂၀ ရက်နေ့ထိ တလတာ သင်တန်းကို သင်တန်းဆရာ ရဟန်း၊ သီလရှင်များနှင့် ဆရာ၊ ဆရာမ ၁၀ ဦးခန့်က ပို့ချလျက် ရှိပြီး မွန်ပြည်နယ် ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်မှ သင်တန်းသား/သူ ၃၃၈ ဦး တက်ရောက် သင်ကြားလျက် ရှိသည်။

“ဆရာတော်က အင်္ဂလိပ်စာ မတတ်ဘူး။ လူငယ်တွေကို ခေတ်ပညာ တတ်စေချင်တယ်။ ဒါ့ကြောင့် ပညာဒါန အနေနဲ့ ဒီသင်တန်းကို ဖွင့်လှစ်တာ ဖြစ်တယ်” ဟု သင်တန်း ကြီးကြပ်သူ တဦးက ပြောသည်။

ဆရာတော်မှာ သက်တော် ၃၅ နှစ်ခန့် ဝါတော် ၁၅ ဝါခန့် ရှိပြီး ဘာသာရေး၊ သာသနာရေးနှင့် လူမှုရေး လုပ်ငန်းများတွင် စွမ်းစွမ််းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

အထက်တန်းအဆင့် ကျောင်းသူ/သားများကို သင်တန်းသားအဖြစ် လက်ခံပြီး စားသောက် နေထိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အားလုံးကို ဆရာတော်က တာဝန်ယူကာ၊ သင်တန်းဆရာများကလည်း အခမဲ့ လာရောက် သင်ကြားပေးခြင်း ဖြစ်သည်။

သင်တန်းသားတဦး၏ တနေ့တာ စားစရိတ်ကို ကျပ် ၁၅၀၀ သတ်မှတ်ပေးထားပြီး ၃၃၈ ဦးအတွက် တနေ့လျှင် ကျပ် ၅ သိန်းကျော် ကုန်ကျကာ၊ သင်တန်းပြီးဆုံးသည်ထိ ကျပ်သိန်း ၂၀၀ ခန့် ကုန်ကျလိမ့်မည်ဟု သင်တန်းကြီးကြပ်သူက ပြောသည်။

သင်တန်းတွင် အသုံးပြုရန်အတွက် ကွန်ပြူတာ ၁၀ စုံကို မွန်စီးပွားရေး လုပ်ငန်းရှင် နိုင်ဗညားက မေလ ၉ ရက်နေ့တွင် လာရောက် လှူဒါန်းထားပြီး၊ အလှူရှင်များကလည်း သင်တန်းအတွက် နေ့စဉ် လာရောက်လှူဒါန်းခြင်း အလှူလုပ်အားပေးခြင်းများ ရှိကြောင်း သိရသည်။

“အင်္ဂလိပ်စာ သင်တန်းကို ဖွင့်ပေးတဲ့အတွက် သင်တန်းသားတွေက ဆရာတော်ကို သိပ်ကျေးဇူးတင်တယ်” ဟု အငြိမ်းစား အထက်တန်း ကျောင်းအုပ်ဆရာမ ဖြစ်သည့် သင်တန်းဆရာမတဦးက ပြောသည်။

သင်တန်းသားများမှ ထူးချွန်သူ ၁၀ ဦးကို ကွန်ပြူတာ အခမဲ့ သင်ကြားပေးမည် ဖြစ်ပြီး ၎င်းမှ ထူးချွန်သူ ၃ ဦးကို တက္ကသိုလ် ပြီးဆုံးသည်ထိ ဆရာတော်က ဆက်လက်ထောက်ပံ့မည်ဟုလည်း သင်တန်းဆရာမက ပြောသည်။

ကျောင်းဆင်းပွဲကို ကဆုန်လပြည့်ကျော် ၃ ရက် (မေ ၂၀ ရက်) နေ့တွင် ကျင်းပမည် ဖြစ်ပြီး သင်တန်သား/သူတို့၏ မိဘ/အုပ်ထိန်းသူများနှင့် စာပေ ယဉ်ကျေးမှု အဖွဲ့များကိုလည်း ဖိတ်ကြားမည် ဖြစ်ကြောင်း သိရသည်။

အခြား နွေရာသီ အင်္ဂလိပ်စာ သင်တန်းကို မော်လမြိုင်မြို့ ဓာတုမာလာ ပရိယတ္တိ စာသင်တိုက်တွင်လည်း နှစ်စဉ် ရဟန်း သာမဏေနှင့် သီလရှင် အပါး ၁၀၀ ကျော်ကို အလှူရှင်များ၏ အထောက်အပံ့ဖြင့် နှစ်စဉ် အခမဲ့ သင်ကြားပေးလျှက် ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts