Homeသတင်းဘန့်ဒုန်ယန်း ဒုက္ခသည်စခန်း အထောက်အပံ့ လျော့

ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်း အထောက်အပံ့ လျော့

-

မင်းတော်လ၀ီ – ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့နယ်ရှိ ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်းအတွင်း နေထိုင်သည့် ဒုက္ခသည်များအား ယခုနှစ်ဆန်းမှ စပြီး အထောက်အပံ့ ရရှိမှု လျော့နည်းလာကြောင်း စခန်းတွင်း နေထိုင်သူများထံမှ သိရသည်။

ဘန့်ဒုံယန်း ဒုက္ခသည် စခန်းအတွင်း စားနပ်ရိက္ခာများ သယ်ဆောင်လာသော ဒုက္ခသည် အမျိုးသမီးများ (ဓါတ်ပုံ -UNHCR / K. McKinsey / 2 May 2007)
ဘန့်ဒုံယန်း ဒုက္ခသည် စခန်းအတွင်း စားနပ်ရိက္ခာများ သယ်ဆောင်လာသော ဒုက္ခသည် အမျိုးသမီးများ (ဓါတ်ပုံ -UNHCR / K. McKinsey / 2 May 2007)

ယခင်နှစ်များတွင် ဒုက္ခသည်တဦးလျှင် ဆန် ၁၅ ကီလို၊ ဆီ ၁ လီတာ၊ ငါးပိ ၁ ကီလို၊ မီးသွေး ၄၀ ကီလို ရရှိခဲ့ရာမှ ယခု ဆန် ၁၃ ကီလိုခွဲ၊ ဆီ ၈ ခစ် (၀ ဒဿမ ၈) လီတာ၊ ငါးပိ ကီလိုဝက်၊ မီးသွေး ၂၀ ကီလိုသာ ရရှိတော့ကြောင်း ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်းတွင် ၁၃ နှစ်ကြာ နေထိုင်ခဲ့သူ နော်ရှားလားလားက ပြောသည်။

၎င်းပြင် အိမ်များကို ပြုပြင်ရန်အတွက် ဝါးနှင့် သက်ကယ်၊ အင်ဖက် အပျစ် များကိုလည်း ယခင်အောက် လျော့နည်း ရရှိကြောင်း သူမက ပြောသည်။

ယခုကဲ့သို့ ဒုက္ခသည်များ၏ အခြေခံ စားကုန်နှင့် လိုအပ်သည့် အသုံးအဆောင်များကို လျှော့ချလိုက်သည့်အတွက် ပြင်ပနှင့် အဆက်အသွယ် မရှိသူများအတွက် များစွာ အခက်အခဲ ဖြစ်ရကြောင်း ဇုန်ဘီ အုပ်စုမှူး ဦးတင်လှ က ပြောသည်။

“ကလေးများတဲ့ အိမ်ထောင်စုမှာ စားလို့ မလောက်တော့ မိဘတွေ အပြင်ထွက်ပြီး ရတဲ့အလုပ်ကို လိုက်လုပ်နေရတယ်” ဟု သူက ပြောသည်။

စားနပ်ရိက္ခာနှင့် အခြားအထောက်အပံ့များ လျှော့ချရခြင်းမှာ အလှူရှင်များထံမှ ငွေကြေး အထောက်အပံ့ ရရှိမှု နည်းလာခြင်း၊ ကုန်စျေးနှုန်း မြင့်မားလာခြင်းနှင့် ငွေလဲလှယ်နှုန်း ကွာဟလာခြင်းကြောင့် ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၄ ရက် အင်္ဂါနေ့တွင် ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) က ထုတ်ပြန်ခဲ့သည်။

ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်းကို ၁၉၉၇ မေလ ၂၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ရပ်ကွက် ၁၀ ရပ်ကွက်၊ အိမ်ခြေ ၈၅၆ နှင့် လူဦးရေ ၄၃၀၀ ကျော် ရှိကြောင်း ၂၀၀၈ ခုနှစ် သြဂုတ်လတွင် တီဘီဘီစီက ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ စံခလပူရီမြို့နှင့် ၃၁ ကီလိုမီတာ ကွာဝေးပြီး ဘုရားသုံးဆူမြို့နှင့် တောလမ်းအတိုင်း ၁၀ ကီလိုမီတာခန့် ကွာဝေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts