မြန်မာပြည်စစ်အာဏာရှင်နှင့် တပ်မတော်ဦးဆောင်သော စစ်အစိုးရက အခြေခံဥပဒေဖြင့်သာ ဒီမိုကရေစီ ရနိုင်သည်ဟူသော ဆောင်ပုဒ်ကို မြန်မာ့အလင်းသတင်းစာတွင် ရက်လနှစ်ပေါင်းများစွာ ရေးသားထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်လျှင် ဒီမိုကရေစီသဘောတရား မဆောင်သော ပုဒ်မ ပုဒ်ထီးဖြင့် ရေးသားအတည်ပြုခဲ့သည်။ တရားမျှတမှုနှင့် အစိုးရတရပ်၏ အဓိက မဏ္ဍိုင်ဖြစ်သော တရားဥပဒေအောက်တွင် လူသားတိုင်း၊ နိုင်ငံသားတိုင်း တန်းတူညီမျှမှုကို စစ်အာဏာရှင် အခြေခံဥပဒေက အထင်အရှား ပယ်မြစ်ထားခဲ့သည်။ တပ်မတော်ဦးဆောင်သော အစိုးရ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ ဦးဆောင်သော ဝန်ကြီးဌာနနှင့် စစ်တပ်မှ ခန့်အပ်သော အစိုးရဝန်ထမ်း အကြီးအကဲများဖြင့် အတိအကျ ရေးသားပြီး အတင်းအကျပ် အတည်ပြုခဲ့သော ဖွဲ့စည်းပုံကို အခြေခံကာ ရွေးကောက်ပွဲသစ် ခေါ်ယူကျင်းပရန် ကြိုးပမ်းလျက် ရှိသည်။ ဤရွေးကောက်ပွဲကို နိုင်ငံရေးအသိတရား ပြည့်ဝသော ခေါင်းဆောင်တို့က ကန့်ကွက် သပိတ်မှောက်ကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အာဏာရှင်အလိုကျ သဘောကျသည့်အတိုင်း ရေးသားပြီး ဤအခြေခံဥပဒေဖြင့်သာ ဒီမိုကရေစီကို ရနိုင်သည်ဟု ဝါဒဖြန့် ကြွေးကြော်ခြင်းသည် ဦးဏှောက်ပျက်ပြီး တရားဟောနေသော လူတယောက်ပမာ ပုံသဏ္ဍာန်တူပေတော့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်တရပ်၏ အသက်သွေးကြောဖြစ်သည်ကို မည်သူတဦးတယောက်မျှ မငြင်းပယ်ချေ။ သို့သော် ၄င်းဖွဲ့စည်းပုံကို အာဏာရှင်ဆန်သော တိုင်းပြည်အတွက် တရားမျှတရေးကို သဘောမဆောင်သော နိုင်ငံရေးအရ အနှစ်သာရမရှိသော ဖွဲ့စည်းပုံဥပဒေကို ရေးသားပြီး ရွေးကောက်ပွဲ ကျင်းပပေးရုံမျှဖြင့် အမျိုးသားရေးနှင့် နိုင်ငံရေးပဋိပက္ခကို မဖြေရှင်းနိုင်ချေ။
မြန်မာနိုင်ငံ၏ပြဿနာသည် အမျိုးသားရေးပြဿနာနှင့်အတူ နိုင်ငံရေးပြဿနာတွေပါ ပူးတွဲ ဒွန်တွဲလျှက်ရှိသည်။ ဗမာလူမျိုးအကြား နိုင်ငံရေးအရ အမြင်ကွဲပြားမှုကြောင့် ၁၅၄၈-၁၉၈၀ တိုင်အောင် ဦးနေဝင်း ဦးအောင်သော ဆိုရှယ်လစ်အုပ်စုနှင့် သခင်သန်းထွန်းဦးဆောင်သော ကွန်မြူနစ်အုပ်စုတို့အကြား နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။ ၁၉၈၀-၂၀၁၀ ယနေ့တိုင်အောင် စစ်တပ်ဦးဆောင်သော စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီတိုးတက်ထွန်းကားရေးအုပ်စုတို့အကြား အမြင်ကွဲလွဲမှုကြောင့် နိုင်ငံရေးအရ အောင်မြင်တိုးတက်မှု မရှိခဲ့ချေ။ ၄င်းအပြင် ဗမာ့အမျိုးသားဦးဆောင်သော စစ်အစိုးရနှင့် တိုင်းရင်းသားများဦးဆောင်သော တော်လှန်ရေးအဖွဲ့အစည်းများ အကြားတွင်လည်း နိုင်ငံရေးအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်မှု သီးသန့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည်နယ်အုပ်ချုပ်ရေးအတွက် နိုင်ငံရေးအရ ဖြေရှင်းမှု သဘောတူညီမှု မရခဲ့ချေ။ မြန်မာပြည်၏ အခြေခံနိုင်ငံရေးအဆောက်အအုံဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများသည် နှစ်ပေါင်း ၆၀ အတွင်း အတွင်းကျေကျေ အခဲကျေကျေ တရားမျှတမှုနှင့် အမျိုးသားလွတ်လပ်မှုကို အခြေခံမပြုခဲ့သောကြောင့် ယနေ့ခေတ်တွင်လည်း အာဏာရှင်ဆန်သော တိုင်းပြည်တရပ် ဖြစ်တည်လျက် ရှိသည်။
အာဏာရှင်ဆန်သော စစ်အစိုးရနှင့်အတူ ယခုအသစ်ရေးသားဖွဲ့စည်းထားသော အခြေခံဥပဒေကို လက်ခံခြင်း သဘောတူညီပြီး နိုင်ငံရေးအရ လက်ခံခြင်းသည် အမျိုးသားရေးပဋိပက္ခနှင့် နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်သေး။ တဖက်သတ် အာဏာသိမ်းယူထားပြီး နိုင်ငံသားများအပေါ် အကန့်အသတ်များစွာနှင့် ဥပဒေပုဒ်မများဖြင့် နိုင်ငံရေးလွတ်လပ်မှုကို ပိတ်ပင်ထားခဲ့သည်။ ဖွဲ့စည်းပုံဥပဒေကို မျက်ကန်းပြုသော နိုင်ငံရေးခေါင်းဆောင်သည် အခွင့်အရေးသမားတဦးသာ ဖြစ်သည်။
ခေတ်သစ်နိုင်ငံရေး သဘောတရားအရ အစိုးရသည် တရားမျှတမှုကို အခြေခံပြုပြီး လွတ်လပ်သော ရွေးကောက်ပွဲနှင့်အတူ တိုင်းရေးပြည်ရေးအတွက် နိုင်ငံသားတိုင်း တရားဥပဒေနှင့် လျော်ကန်စွာ လွတ်လပ်စွာ ဆွေးနွေးမှု ပြောဆိုရေးသားမှု ပြောဆိုရေးသားမှု စုစည်းတောင်းဆိုမှု အဖွဲ့အစည်းဖွဲ့ပြီး တိုင်းပြည်ကောင်းကျိုးအတွက် အကြံညာဏ်ဖလှယ်ပေးမှုနှင့်အတူ နိုင်ငံသားတိုင်း တာဝန်အသိတရားနှင့်အတူ လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် တိုင်ပွဲဝင်ခြင်းသည် ခေတ်သစ်အယူအဆ ဖြစ်သည်။ တိုးတက်အောင်မြင်သော တိုင်းပြည် အမေရိကန်နှင့် ဥရောပတိုင်းပြည်များသည် နိုင်ငံသားတိုင်း၏ အခွင့်အရေးကို ဥပဒေအရ အကာအကွယ် ပြုထားခဲ့မှုကြောင့် တိုင်းရေး ပြည်ရေး စီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေး ကုန်သွယ်ရေးတို့တွင် ဦးဆောင်မှု ပေးနိုင်ကြသည်။ ကျွနု်ပ်တို့ မြန်မာပြည်နိုင်ငံရေးစနစ်က တိုးတက်မှုနှင့် ကြီးပွားအောင်မြင်မှု အဆောက်အအုံဖြစ်သော လွတ်လပ်မှုနှင့် တန်းတူညီမျှမှုကို အကန့်အသတ်များနှင့် ပိတ်ပင်တားမြစ်မှုတွေကြောင့် တိုင်းပြည်မွဲတေပြီး အောက်ကျ နောက်ကျ ဖြစ်နေခဲ့သည်။
ပညာရေးမှအစ သိပ္ပံနည်းပညာအဆုံး အခြေခံတိုင်းပြည်အကျိုးစီးပွားအတွက် ကျုပ်တို့ နိုင်ငံသားများက ခေတ်မမှီခြင်း နည်းပညာ ရှာဖွေစမ်းသပ်ခွင့်ကို လွတ်လပ်စွာ မပြုခဲ့ခြင်းကြောင့် ယိုးဒယား၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူစသော ဒေသခံနိုင်ငံများက ယနေ့ခေတ်တွင် ကျုပ်တို့ တိုင်းပြည်၏ ပေါကြွယ်ဝသော သဘာဝဓာတ်ငွေ့များ၊ သားငါးများ၊ သစ်ကျွန်းများနှင့် ငွေရင်း ငွေကြေး ရင်းနှီးမြုပ်နှံမှုများ သန်းပေါင်းများစွာနှင့် ဝင်ရောက် စီးပွားရေး အခြေချခဲ့ပြီး ကျွနု်ပ်တို့ နိုင်ငံသားများက စီးပွားရေးအရ နောက်ကျမှုကို အကွက်ကောင်းယူပြီး သူတို့က အခွင့်ကောင်းယူ အမြတ်ထုတ်နိုင်ခဲ့သည်။ ဤတွင်လည်း တိုင်းပြည်၏ နိုင်ငံရေးစနစ် ချွတ်ယွင်းမှုကြောင့် ပေါ်ထွက်လာသော ဆိုးကျိုးများ ဖြစ်သည်ကို စစ်အစိုးရက လက်မခံသေး။
ဖွဲ့စည်းပုံ ချွတ်ယွင်းပါက နိုင်ငံရေးစနစ် ဆက်ပြီးချွတ်ယွင်းပျက်ဆီးနေမည်။ နိုင်ငံရေးစနစ် ပျက်ဆီးနေသမျှ စီးပွားရေးနှင့် ပညာရေး၊ ကျန်းမားရေးစသော အခြေခံလူနေမှုဘဝ ဆက်လက်ပြီး အခက်အခဲ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရမည်။ ရွေးကောက်ပွဲသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွင် တစိတ်တပိုင်း ဖြစ်သော်လည်း သော့ချက် မဟုတ်ချေ။ တိုင်းပြု ပြည်ပြုလွှတ်တော် (သို့) အမျိုးသားလွှတ်တော်က တကျပ်မှအစ ကုဋေပေါင်းများစွာရှိသော တိုင်းပြည်ဘဏ္ဍာကို နှစ်တို နှစ်ရှည် ရေတို ရေရှည်၊ အမျိုးသားရေးလုပ်ငန်းဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေးနှင့် ကုန်သွယ်ရေး အစစအရာရာတွင် ဥပဒေနှင့်အတူ စီမံခန့်ခွဲနိုင်ရေးအတွက် အာဏာခွဲဝေမှုများကို စနစ်တကျ ဖော်ဆောင်ပေးခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံနှင့် နိုင်ငံရေးစနစ် ယိုးယွင်းပျက်ပြားနေသော တိုင်းပြည်တခုတွင် တိုင်းပြု ပြည်ပြု လွှတ်တော်မှအစ ပြည်နယ်လွှတ်တော်တိုင်အောင် အသေးမွှားမှအစ အကြီးဆုံးဖြစ်သော ကာကွယ်ရေး ဘဏ္ဍာသုံးငွေကိုပါ စနစ်တကျ တရားမျှတစွာ အာဏာခွဲဝေရေးအတွက် အာမခံမှု မရှိချေ။
စစ်တပ်ဦးဆောင်သော အစိုးရတရပ်တွင် “အထက်အမိန့်” အရဆိုပြီး ညွှန်ကြားမှုများစွာနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက တာဝန်ယူ တပည့်ခံ လုပ်ပေးကြရမည်။ အာဏာချိန်ခွင်လျှာ မညီမျှသော ဖွဲ့စည်းပုံကို ပြုပြင်ခြင်း၊ အသစ်တဖန် ပြန်လည်ရေးသားခြင်း၊ နိုင်ငံရေးခေါင်းဆောင်များ၊ အဖွဲ့ပေါင်းစုံ ပါတီပေါင်းစုံမှ ကိုယ်စားလှယ်များ အသေးစိတ် လေ့လာဆွေးနွေးပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အပိုင်းအလိုက် ပြန်လည်စမ်းစစ်ရမည်။ တရားမျှတမှုနှင့် တန်းတူညီမျှကို အတိအကျ အလေးအနက် ဖော်ဆောင်ရေးသားရမည်။ နိုင်ငံသား၏ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရမည်။ အာဏာရှင်ဆန်သော ဖွဲ့စည်းပုံမှ ရွေးကောက်သော ပါလီမာန် (လွှတ်တော်) ကို ကန့်ကွက်ရမည်။ ဤကား ပြုပြင်ပြောင်းလဲမှု၏ ရေသောက်မြစ် ်ဖြစ်သည်။ အသိညာဏ်နှင့် အသိတရားပြည့်ဝသော ခေါင်းဆောင်များ၏ အတွေးအခေါ်ကို အလေးအမြတ်ထားရမည်။