အမှန်အားဖြင့် လွန်ခဲ့သည့်မတ်လ (၂၀၁၁) ခုနှစ်က ဖွဲ့စည်းလိုက်သည့် သမတဦးသိန်းစိန်အစိုး ရသည် ယခင်ကတိုင်းပြည်ကို လက်နက်အင်အားပြပြီး၊ အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီးသိန်းစိန်၏ စစ်အစိုးရသာ ဖြစ်သည်။ အစိုးရပုံစံ အနည်းငယ်ပြောင်းလဲမှု ရှိသော်လည်း လက်ရှိဦးဆောင်နေသူမှာ ယခင်ကဦးဆောင်နေသူများဖြစ်သဖြင့် အစိုးရအသစ်၏အမြင်၊ မူဝါဒ၊ နိုင်ငံရေး သဘောထားနှင့် ခံယူချက်များကား မပြောင်းလဲကြောင်း တွေ့ရှိရပေသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများစုရရှိအောင် ကြံဆောင်အနိုင်ရရှိခဲ့သည့်အတွက် ပြိုင်ဖက်မရှိ မိမိတို့ထင်သလို တိုင်းပြည်ကိုအုပ်ချုပ်နိုင်သည်ဟု ထင်မြင်ထားပေသည်။ ယခုပါလီမန်အဆင့်ဆင့်တွင် အနိုင်ရစစ်တပ်အင်အားစုပါတီ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) မှ နေရာအများစုရရှိထား သည့်အတွက် ထိုပါတီမှ ချမှတ်သောနိုင်ငံရေးပေါ်လစီ၊ မူဝါဒသဘောထားများသည် ယခုလက်ရှိ အစိုးရ၏ မူဝါဒပေါ်လစီများသာ ဖြစ်လေသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲများသည် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးတို့၏ လိုလားတောင်းဆိုချက်များကို မဖြည့်ဆည်းနိုင်ပေ။ ထို့ကြောင့် (၂၀၁၁) ခုနှစ် အစိုးရဖွဲ့စည်းသည့်ကာလမှာပင် ကချင်ဒေသတွင် သေနတ်သံများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သေနတ်သံများသည် ရှမ်းပြည်နယ်၊ ကရည်ပြည်နယ်များသို့ ကူးစက်သွားလေတော့သည်။ မွန်ဒေသတွင် တိုက်ပွဲမဖြစ်ပွားသေးသော်လည်း အစိုးရစစ်တပ်မှ မွန်ပြည်သူများအပေါ် မတရားစေခိုင်းခြင်း၊ လယ်ယာမြေသိမ်းဆည်းယူခြင်း စသည့် ဖိနှိပ်မှုအမျိုးစုံကိုပြုလုပ်ခဲ့၊ ပြုလုပ်နေဆဲဖြစ်နေပေသည်။
ပြည်တွင်းစစ်မီးသည် တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်ဒေသများသို့ ကူးစက်သွား သည့်အချိန်တွင် တိုင်းရင်းသားဒုက္ခသည် ထောင်ပေါင်းများစွာတို့မှာလည်း မိမိ၏ နေရပ်ဒေသများကို စွန့်လွတ်ကာ ထွက်ပြေးရသည့် အခြေအနေသို့ ရောက်ရှိရလေသည်။
ထိုသို့ တိုင်းရင်းသားများ၏ ဒုက္ခကို တွေ့မြင်ကြားသိနေရသည့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအထံ စာရေးသားပြီး ငြိမ်းချမ်းရေးအဖြေရှာရန် တိုက်တွန်းခဲ့လေသည်၊ အကယ်၍ အစိုးရဘက်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ လိုလားမည်ဆိုပါက သူမအနေဖြင့် ကြားဝင်ဆောင်ရွက်ပေးနိုင်မည်ဟု ပြောဆိုထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး တောင်းဆိုချက်ပေါ် တိုင်းရင်းသားအဖွဲ့အစည်းများမှ ကြိုဆိုခဲ့ပါသည်။ ပြည်တွင်းရှိ တိုင်းရင်းသားနိုင်ငံရေး (၅) ပါတီမှ စုစည်းထားသည့် တိုင်းရင်းသားညီနောင်များအဖွဲ့မှပင် အစိုးရအသစ်မှ ငြိမ်းချမ်းရေး စတင်ဖော်ဆောင်ထားရန် တိုက်တွန်းထားပါသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီနှင့် လက်နက်ကိုင်တပ်များ စုပေါင်းဖွဲ့စည်း ထားသည့် UNFC မှလည်း ဒေါ်အောင်ဆန်းစုကြည်၏ တင်ပြချက်ကိုထောက်ခံကာ ငြိမ်းချမ်း ရေးအတွက် မိမိတို့တွင် “အဆင်သင့်” ရှိနေကြောင်း ထုတ်ပြန်ထားပေသည်။
သို့ရာတွင် လက်ရှိအစိုးရသစ်ဘက်မှ ငြိမ်းချမ်းရေးအသံများ မထွက်ပေါ်လာပေ။ သြဂုတ်လ (၁၂) ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် “တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းသည် တိုင်း ရင်းသားများ၏အပြစ်” ဟု ပုံချထားပေသည်။ စစ်အစိုးရ၏ အစီအစဉ်အရ၊ တိုင်းရင်းသားလက် နက်ကိုင်အင်အားစုများအနေဖြင့် နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်တပ်အဖြစ် ကူး ပြောင်းရေးကို မလိုက်နာသည့်အတွက် တိုင်းရင်းသားများ ငြိမ်းချမ်းရေးကို မလိုလားဟု စွပ်စွဲ ထားပါသည်။
ဤအခြေအနေအပေါ် သုံးသပ်ကြည့်မည်ဆိုပါက ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားများ ငြိမ်းချမ်းရေး တောင်းဆိုနေသည့်ကာလတွင် လက်ရှိသမ္မတဦးသိန်းစိန်၏ အစိုးရသစ်သာ ငြိမ်းချမ်းရေးကိုမလိုလားသည်ကို တွေ့မြင်နေရပေသည်။