Homeသတင်းကမာဝက်မြို့တွင်  အလှဖန်တီးရှင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ကမာဝက်မြို့တွင်  အလှဖန်တီးရှင်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်မြို့တွင် အလှဖန်တီးရှင်တစ်ဦး နေအိမ်အတွင်းရှိနေစဉ်  သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တို့မှ သိရသည်။

ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်သို့ ပြီးခဲ့သို့ ဧပြီလ ၈ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ဆိုင်ကယ်စီးလာသည့် သေနတ်သမားနှစ်ဦးသည် ဆံပင်၊မိတ်ကပ် အလှပြုပြင်ရေးလုပ်ငန်းလုပ်သည့် အသက် (၄၀) ဝန်းကျင်အရွယ် အပဲ(ရပ်ကွက်ခေါ်အမည်)၏  နေအိမ်သို့ ရောက်ရှိလာပြီး သေနတ်ဖြင့်ငါးကြိမ် ပစ်ခတ်ခဲ့သည်။

ပစ်ခတ်ခံရသည့် အပဲဆိုသူသည် နေရာတွင်ပင်သေဆုံးခဲ့ပြီး အဆိုပါသေနတ်သမားနှစ်ဦးတို့ ဆိုင်ကယ်ဖြင့် ဆက်လက်မောင်းနှင်ထွက်ပြေးသွားကြောင်း မုဒုံဒေသခံတစ်ဦးမှ သိရသည်။

” ည‌နေ ၇နာရီအချိန်လောက် သူတို့က ဆိုင်ကယ်နဲ့လာတယ် အိမ်ထဲဝင်ပြီး ၅ ကြိမ် ပစ်သွားတယ် ဘယ်နေရာလဲထိသွားလဲတော့ မသိဘူး။ ဘယ်သူလဲတော့မသိဘူး၊ အပဲက အဲမှာပဲ သေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 အပဲဆိုသူသည် ဆံပင်၊ မိတ်ကပ် အလှပြုပြင်ခြင်း၊  ရှင်ပြု၊ အလှူမင်္ဂလာ‌ဆောင်အခမ်းအနားပြင်ဆင်ခြင်းတို့ လုပ်ဆောင်သည့်အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

ထို့သို့ မူးယစ်ဆေးဝါးကိစ္စကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးရုံးမှ အသိပေးစာများ မကြာခဏ လက်ခံရရှိနေကြောင်း  သိရသည်။

သို့သော် ယခုပစ်ခတ်မှုကို မည်သည့်လက်နက်ကိုင်အဖွဲ့မှ မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရှိရသေးကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။

“ဘယ်သူပစ်သွားတာလဲတော့ မသိသေးဘူး ဒီကိစ္စကရှုပ်နေတာပေါ့နော်၊ ပြီးတော့သူက ဆေးရောင်းတဲ့သူဆိုတော့လေ သူတို့အချင်းချင်းပဲလား မဟုတ်ရင် တော်လှန်ရေးဘက်ကလား စစ်ကောင်စီဘက်ကလားဆိုလား မပြောတတ်ဘူး “ဟု ဆိုသည်။

အလားတူ ကမာဝက်မြို့တွင် ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင်လည်း မူးယစ်ဆေးဝါးကိစ္စနှင့်မကင်းသည့် အသက် (၄၅)အရွယ် အမျိုးသားတစ်ဦး လယ်ထဲရှိနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ကမာဝက်ဒေသခံတို့ ပစ်ခတ်ခံရနေရမှုနှင့် ပတ်သတ်၍ သက်ဆိုင်ရာ စစ်ကောင်စီအဖွဲ့တို့မှ လာရောက်စစ်ဆေးမှုလုပ်ဆောင်သော်လည်း မိသားစုဝင်တို့ထံ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့်မတ်လ ၁၀ ရက်နေ့တွင် မုဒုံမြို့နယ်ရှိ ကလော့သော့ကျေးရွာအဝင်လမ်း ဘောလုံးကွင်းအနီးတွင် ကလော့သော့နှင့် ကော့ခပီထော ဒေသခံ အမျိုးသား ၂ ဦး သေနတ်နှင့် ပစ်ခတ်ခံရပြီး မည်သည့်အဖွဲ့မှ ကျူးလွန်ခဲ့သည့်ကို ယနေ့ထိဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts