spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းရွာသားများကို ရှေ့ပြေး ကျည်ကာအဖြစ် စစ်တပ်သုံး

    ရွာသားများကို ရှေ့ပြေး ကျည်ကာအဖြစ် စစ်တပ်သုံး

    -

    ဂျူရီချိုင်း – ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် အပလုံနှင့် မြိုင်သာယာ ရွာသား ၃၀ ကျော်ကို ခမရ ၃၇၃ စစ်ကြောင်းက ပေါ်တာအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး အချို့ကို ရှေ့ပြေးကျည်ကာအဖြစ် စစ်တပ်က အသုံးပြုခဲ့ကြောင်း ဒေသခံများက ပြောသည်။

    ဇွန်လ ၅ ရက်နေ့တွင် ဘုရားသုံးဆူမြို့၌ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဘုရားသုံးဆူမြို့ရှိ စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) ရုံးနှင့် ဓမ္မဗိမာန်ကို ဗုံးခွဲ ပစ်ခတ်ပြီးနောက် တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်းစဉ် ဇွန်လ ၆ ရက်နေ့က ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

    ဖမ်းဆီးခေါ်ဆောင်ခံရသူများအနက် ကလေးငယ်နှင့် နို့စို့သားသည်မိခင်ကို စစ်ကြောင်းရှေ့တွင် သွားစေပြီး၊ ကျန်သူများအား တပ်ရိက္ခာနှင့် ခဲယမ်းများကို ထမ်းစေခဲ့သည်ဟု အပလုံကျေးရွာ အုပ်ချုပ်ရေး ကော်မတီဝင်တဦးက ပြောသည်။

    “ကလေးချီထားတဲ့ ကလေးအမေ နှစ်ယောက်နဲ့ ၆ နှစ်လောက် ရှိတဲ့ ကလေးကို လမ်းရှင်းတဲ့ အနေနဲ့ ရှေ့မှာ သွားခိုင်းတယ်” ဟု သူက ပြောသည်။

    ဇွန်လ ၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် အထက်ပါတပ်ရင်း စစ်ကြောင်းက ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် ၁၈ မိုင်ခန့်ရှိ မြိုင်သာယာရွာနှင့် သက်ကယ်ရွာကြားတွင် ကေအင်ယူ တပ်မဟာ ၆၊ တပ်ရင်း ၁၆ စစ်ကြောင်း၏ ခြုံခိုတိုက်ခိုက်မှုကို ခံရပြီး တပ်ခွဲမှူးတဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအင်ယူ တပ်မဟာ ၆ မှ အရာရှိတဦးက ပြောသည်။

    ခမရ ၃၇၃ စစ်ကြောင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ဖြစ်ပြီး မေလတွင် ဘုရားသုံးဆူဒေသသို့ ရောက်ရှိကာ ထိုဒေသတွင် လှုပ်ရှားလျက် ရှိသည်။

    ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က မျက်နှာဖုံးစွပ် လက်နက်ကိုင် ၄ ဦးက ဘုရားသုံးဆူမြို့ စရဖရုံးနှင့် ဓမ္မာရုံကို ဖေါက်ခွဲပစ်ခတ်ရာတွင် စရဖ တပ်ဖွဲ့ဝင်တဦးနှင့် မိန်းခလေးငယ်တဦး သေဆုံးကာ အခြား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts