မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / သက်ငယ်မုဒိန်းကျူးလွန်သည့် ပေါင်မြို့နယ်ကျောက်မိုင်းများ ပိတ်သိမ်းပေးရေး ဒေသခံ ၁၀ဝ ခန့်ဆန္ဒထုတ်ဖော်

သက်ငယ်မုဒိန်းကျူးလွန်သည့် ပေါင်မြို့နယ်ကျောက်မိုင်းများ ပိတ်သိမ်းပေးရေး ဒေသခံ ၁၀ဝ ခန့်ဆန္ဒထုတ်ဖော်

ရေးသားသူ:

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း သက်ငယ်မုဒိန်းကျူးလွန်မှုဖြစ်သည့် ကျောက်မိုင်းများ ပိတ်သိမ်းပေးရန် ဒေသခံ ၁၀ဝ ခန့်တို့က ဒီဇင်ဘာ ၉ ရက်နေ့တွင် စီးတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည်။

ကျောက်မိုင်းလုပ်သားများကြောင့် ဒေသခံတို့၏ လုံခြုံမှု စိုးရိမ်နေရသော အခြေအနေကို သက်ဆိုင်ရာ တာဝန်ရှိ အစိုးရအဖွဲ့ သိရှိစေရန်နှင့် သက်ငယ်မုဒိန်းကျူးလွန်သည့် ကျောက်မိုင်းများကို အစိုးရက ပိတ်သိမ်းပေးနိုင်စေရန်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဆန္ဒထုတ်ဖော်ခေါင်းဆောင် ဒေါ်သင်းသင်းမော်က ပြောသည်။

ကျောက်မိုင်းများ ပိတ်သိမ်းပေးရေး ဒေသခံများဆန္ဒထုတ်ဖော်
“မိုင်းလုပ်သားတွေက အသက်မပြည့်သေးတဲ့ ဒေသခံအမျိုးသမီးငယ်တွေကို မုဒိမ်းမှုတွေ ကျူးလွန်နေတယ်၊ ဒေသခံအမျိုးသမီးတွေရဲ့ဘဝက မလုံခြုံတော့တဲ့အခြေအနေပါ၊ ကျန်တဲ့ကျောက်မိုင်းတွေမှာလဲ ဒီလိုမျိုး မဖြစ်လာဘူးလို့ ဘယ်သူမှ အာမခံမှာ မဟုတ်ဘူး၊ ဒါကို အစိုးရက အကာအကွယ်ပေးဖို့ အခုလို ဆန္ဒထုတ်ဖော်တာဖြစ်တယ်” ဟု ၄င်းက ပြောသည်။

ဆန္ဒပြသူတို့သည် သက်ငယ်မုဒိန်းမှု ကျူးလွန်သော ကျောက်မိုင်းများ ပိတ်သိမ်းရေး၊ ဒေသခံ ပြည်သူများ၏ လုံခြုံရေး စိုးရိမ်စေရန်ပြုလုပ်သော ကျောက်မိုင်းများ ပိတ်သိမ်းရေး၊ သက်ငယ်မုဒိန်းမှုကို ထိရောက်သော ပြစ်ဒဏ်ချမှတ်ရေး စသည့် ကြွေးကြော်သံတို့ဖြင့် စီးတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

“အမှန်တကယ်လဲ ကျောက်မိုင်းတစ်ခုမှာ မုဒိန်းမှု ကျူးလွန်မှုဖြစ်ခဲ့တယ်၊ လွန်ခဲ့တဲ့ ၁၅ ရက်ဝန်းကျင်လောက်က အသက် ၁၅ နှစ် အမျိုးသမီးကို ကျူးလွန်မှုဖြစ်ပွားခဲ့တယ်၊ အခု ပေါင်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတယ်” ဟု ပေါင်မြို့မစခန်းမှူး ဒုရဲမှူး ထွန်းဇော်ဦးက ပြောသည်။

ကျောက်မိုင်းတွင် သက်ငယ်မုဒိန်းကျူးလွန်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ကျောက်မိုင်းလုပ်သားများ ချစ်ကြိုက်ရာမှတစ်ဆင့် ကျောက်မိုင်းအတွင်း ကျူးလွန်မှုဖြစ်ခဲ့ကြောင်း၊ အမျိုးသမီးရှင်ဘက်မှ ကုမ္ပဏီကို လျော်ကြေးတောင်းခဲ့ကြောင်း ကုမ္ပဏီဘက်မှ မပေးနိုင်ကြောင်း မဟာအောင်ပွင့်ကောင်း ကျောက်မိုင်းလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပေါင်မြို့နယ်အတွင်း ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်နေသူ ၂၅ ဦးရှိပြီး ပြည်နယ်တခုလုံးတွင် ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ကျောက်ထုတ်လုပ်ငန်း အများဆုံးလုပ်ကိုင်နေသည်ဟု မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ပေါင်မြို့နယ်အတွင်း လုပ်ကိုင်နေကြသည့် ကျောက်ထုတ်လုပ်ငန်းများ အထူးသဖြင့် Long Life Aggregate Co.Ltd ၏ ကျောက်ထုတ်လုပ်မှုကြောင့် ရေအရင်းအမြစ်ပျောက်ဆုံးခြင်းများ၊ လယ်ယာချောင်းမြောင်းပျက်စီးခြင်းများနှင့် ဥယျာဉ်ခြံမြေပျက်စီးမှုများ အစရှိသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများရှိနေသည်ဆိုပြီး ကျောက်ထုတ်လုပ်မှုကို ပိတ်သိမ်းပေးရန် ဒေသခံတို့က ၃ ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပြီးဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မေလဒုတိယပတ်တွင် ကျင်းပရန်လျာထား

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ Mon Political Conference ကို လာမည့်မေလ ၁၂ ရက်နေ့မှစတင်၍ မော်လမြိုင်မြို့တွင် ၃ ရက်ကြာ ကျင်းပရန်လျာထားပြီး မွန်အမျိုးသားကိုယ်စားပြုပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေကို …

Leave a Reply

%d bloggers like this: