မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မေးမြန်းချက် / မွန်ဆားလုပ်ငန်း ပြန်လည်ဦးမော့နိုင်ရေး SME နှင့်ချိတ်ဆက်ပေး တွေ့ဆုံမေးမြန်းချက်

မွန်ဆားလုပ်ငန်း ပြန်လည်ဦးမော့နိုင်ရေး SME နှင့်ချိတ်ဆက်ပေး တွေ့ဆုံမေးမြန်းချက်

ရေးသားသူ:

မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်၊ မြန်မာနိုင်ငံဆားလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မင်းတင်မောင်ဝင်း(ခေါ်) နိုင်ဟု နှင့် မွန်သတင်းအေဂျင်စီမှ မင်းထက်အောင် တွေ့ဆုံမေးမြန်းသည်။

မင်းထက်အောင်- မွန်ပြည်နယ် ဆားဈေးကွက်တွေ ဘယ်ခုနှစ်တွေကစပြီး ကျဆင်းလာပါသလဲ?
နိုင်ဟု-လွန်ခဲ့တဲ့ ၉ နှစ်အချိန် ကျနော်တို့နိုင်ငံမှာ နာဂစ်မုန်တိုင်း(၂၀ဝ၈ ခုနှစ်) ဒဏ်ခံရအပြီး နိုင်ငံနဲ့အဝှမ်း ဆားလိုအပ်ချက်တွေဖြစ်လာပါတယ်၊ တစ်နိုင်ငံလုံးဆားထုတ်လုပ်မှုအတိုင်းအတာအရ ဧရာဝတီက ၈၀% မွန်ပြည်နယ် ၁၂% နဲ့ ကျန်တာက ထားဝယ်နဲ့ရခိုင်ဒေသတွေမှာပါ၊ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ ဆားထုတ်လုပ်မှုလုပ်ငန်းအားလုံးရပ်သွားလို့ တစ်နိုင်ငံလုံးမှာ ဆားပြတ်လပ်သွားတယ်၊ မန္တလေးဘက်မှာဆိုရင် ဆားတစ်ပိဿာ ငွေကျပ်နှစ်ထောင်အထိ ဈေးထိုးတက်သွားတယ်၊ ဒါကြောင့် အိမ်နီးချင်းနိုင်ငံက ဆားတွေလှမ့်ဝင်လာတာပေါ့၊ အဲဒီအချိန်ကာလတွေကစပြီး ထိုင်းဆားတွေ စဝင်လာတယ်၊ ဈေးကွက်ကိုလည်း ခြေကုတ်ရယူနိုင်ခဲ့တယ်၊ ဒီနေ့အထိ ထိုင်းဆားတွေနဲ့ ဖောက်သည်ဖြစ်ကုန်ပြီး လက်ရှိ ဈေးကွက်ကိုလည်း ထိုင်းနိုင်ငံကလာတဲ့ဆားတွေ လွှမ်းမိုးထားဆဲပါ။

မွန်ဆားလုပ်ငန်းရှင် ဦးခင်မောင်ဝင်း(ခေါ်) နိုင်ဟု(Soe Moe)

မင်းထက်အောင်-ထိုင်းဆားတွေ ဘာကြောင့်ဈေးကွက်ဝင်နေသလဲ၊ ဘာဖြစ်လို့ ဆက်ပြီးဝယ်ယူနေရပါသလဲ?
နိုင်ဟု- ဘာဖြစ်လို့လဲဆိုတော့ ထိုင်းဆားတွေရဲ့ အရည်အသွေးကို ကျနော်တို့ယှဉ်မနိုင်လို့ပေါ့၊ နိုင်ငံအရ ဖွံ့ဖြိုးမှုနဲ့ယှဉ်ပြီးပြောရရင် သူတို့ကတိုးတက်နေတယ် ကိုယ်ကနိမ့်ကျနေတော့ အဘက်ဘက်ကနေ မပြိုင်နိုင်တာဖြစ်ပါတယ်၊ ထိုင်းဆားပွင့်အရောင်အသွေးတွေက လူတွေကိုစွဲဆောင်နိုင်တယ်၊ ဖြူဖွေးသန့်စင်တဲ့အရောင်၊ လက်နဲ့တို့ကိုင်လိုက်ရင် စေးကပ်မနေဘူး၊ ခြောက်သွေ့နေတယ်၊ ကျနော်တို့ဆားတွေကို သူတို့လိုအစိုဓါတ်လုံးဝကင်းအောင် မလုပ်ဆောင်နိုင်ဘူး၊ သူတို့နိုင်ငံမှာ လျှပ်စစ်ဓါတ်ဖူလုံမှုရှိတော့ အခြောက်ခံကရိယာ Dryer တွေသုံးနိုင်တယ်၊ သူတို့ဆားတွေကို ဂိုထောင်ထဲမှာ ၂ နှစ်လောက်ပြစ်ထားရင်လည်း ဒီအတိုင်းခြောက်သွေ့နေမှာပါ၊ ကျနော်တို့ဆားတွေ ၂ နှစ်လောက်သိမ်းထားရင် အတုံးကြီးတွေဖြစ်ကုန်ပြီး တုတ်နဲ့ပြန်ကလော်ထုတ်မှရတယ်၊ ကျနော်တို့ဘယ်လိုပဲ အခြောက်ခံထားထား သူတို့ဆားကိုလိုက်မမီပါ၊ နောက်တချက်က သူတို့ဆားမှာ အိုင်အိုဒင်း Iodine ပါဝင်မှုအချိုးအစားက တညီထဲပဲ၊ ကျနော်တို့မှာက အိုင်အိုဒင်းထည့်တာ အနည်းအများကွာဟမှုရှိနေပါတယ်၊ သူတို့မှာနည်းပညာကလည်း တိုးတက်နေတယ်၊ လျှပ်စစ်ဓါတ်အားလုံလောက်မှုရှိတယ်၊ ထုပ်ပိုးစနစ်တွေလည်း သူတို့ကို လိုက်မမီပါဘူး၊ အဲဒီလို အဘက်ဘက်က ကွာဟမှုတွေရှိနေလို့ပါ။

မင်းထက်အောင်-လက်ရှိကျနော်တို့ ဈေးကွက်အနေအထားကရော?
နိုင်ဟု-ကျနော်တို့ဆား အရည်အသွေးကျနေတော့ ဈေးလည်းကျတာပေါ့၊ ဈေးနည်းနည်းနဲ့ ရောင်းပေမယ့်လည်း လုပ်ငန်းရှင်တွေက သန့်တဲ့ဆားတွေကိုပဲ သုံးကြပါတယ် ဈေးနှုန်းကိုမကြည့်တော့ပါဘူး၊ သူတို့ Quality ကိုလည်းထိန်းရတာပေါ့-ဥပမာ မာမီးခေါက်ဆွဲလုပ်ငန်းဆိုရင် အရင့်အရင်တုန်းက ကျနော်တို့ဆားကိုပဲ ဝယ်သုံးခဲ့ပါတယ်၊ ဒါပေမယ့် ထိုင်းဆားတွေ ဝင်လာပြီးတဲ့နောက်မှာ ကျနော်တို့ဆားကို မသုံးတော့ပါဘူး၊ ဈေးနှုန်းထက်ဝက်ကျော်ကနေ သုံးပုံတစ်ပုံအထိ လျှော့ပေးလည်း သူတို့မဝယ်ပါဘူး၊ ထိုင်းဆား အနည်းဆုံး တစ်ပိဿာ ၂၅၀ိ-ကျပ်ဆိုရင် ကျနော်တို့ဆားက ၁၃၀ိ-ကျပ်လောက်ပဲ ဈေးပေါက်တယ်၊ ဒါပေမယ့် ဈေးနှုန်းဘယ်လိုတက်ကျရှိရှိ ထိုင်းဆားကိုပဲ သုံးပါတယ်၊ ခေါက်ဆွဲလုပ်ငန်းတွေက ကုန်ကြမ်းပစ္စည်းကောင်းတွေကိုပဲ သုံးပါတယ်၊ ပြီးတော့ ဘီစကစ်မုန့်လုပ်ငန်းတွေဆိုရင်လည်း အဲလိုပါပဲ ဆားကောင်း ဆားသန့်တွေပဲ သုံးကြပါတယ်၊ အဲဒီတော့ ကျနော်တို့နိုင်ငံ ဈေးကွက်ထဲနေရာဝင်ယူထားတဲ့ ထိုင်းဆားတွေကို ပြန်မောင်းထုတ်လို့မရတဲ့သဘော၊ သူတို့ဖောက်သည်နဲ့ သူတို့ဈေးကွက်တွေ ခိုင်မာသွားပြီ၊ တနည်းအားဖြင့်တော့ ကျနော်တို့ဘက်က ဈေးနှုန်းလျှော့ပေးလည်း ထိုင်းဆားအရည်အသွေးတွေကို ဘယ်လိုမှ ယှဉ်မနိုင်သေးပါဘူး။

မင်းထက်အောင်-မွန်ပြည်နယ်ဆားရဲ့ အခြားဈေးကွက်အနေအထားကို ပြောပါဦး?
နာဲဟု- ပုံမှန်အားဖြင့် မွန်ပြည်နယ်ဆားအထွက်နှုန်းက တစ်နှစ် တန်ချိန်ပေါင်း ၄ သောင်းခွဲလောက်ရှိပါတယ်၊ အရင်က စစ်တောင်းစက္ကူစက်မှာ တစ်နှစ်ကို ဆားတန်ချိန် ၂ သောင်းသုံးပါတယ်၊ စစ်တောင်းစက္ကူစက်က ၂၀ဝ၉ မှာလုံးဝရပ်နားသွားတယ်၊ လက်ရှိ ပငနဲ့ စက်စဲ အစိုးရဆားစီမံကိန်းတွေက အဲဒီစက္ကူစက်အတွက်ပဲ ဆားထုတ်လုပ်တာ၊ အခု စက္ကူစက်ပိတ်သွားတော့ အဲဒီကပိုလျှံတဲ့ စီမံကိန်းဆားတွေကလည်း ကျနော်တို့ပုဂ္ဂလိက ဆားလုပ်ငန်းဈေးကွက်ထဲ အလုအယက်ဝင်လာတော့ ဆားဈေးနှုန်းတွေကိုလည်း ထိန်းလို့မရတော့ဘူး၊ ဈေးကွက်ပျက်သွားတဲ့သဘော။

မင်းထက်အောင်-နောက် တခြားအခက်အခဲတွေကိုလည်း သိပါရစေ?
နိုင်ဟု- အလုပ်သမားကိစ္စ၊ ဆားလုပ်ငန်းက လူသားအရင်းအမြစ်တွေ အများကြီးအသုံးပြုရတဲ့လုပ်ငန်းပါ၊ အလွန်ပင်ပန်းတယ်၊ ဆားလုပ်ငန်းအဆက်ဆက်က လုပ်ကိုင်လာခဲ့တဲ့ဒေသခံလုပ်သားတွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်ကာလတွေမှာ အိမ်နီးချင်းထိုင်းနိုင်ငံဘက် ရွှေ့ပြောင်းအလုပ်သွားလုပ်ကိုင်ကြတယ်၊ သူတို့အစား ဧရာဝတီ၊ မကွေး၊ ပဲခူးတိုင်းက အထူးသဖြင့်ဗမာလူမျိုး လုပ်သားတွေ ဝင်ရောက်လုပ်ကိုင်လာပါတယ်၊ ဒါပေမယ့် ခုဆိုရင်သူတို့လည်း ထိုင်းဘက်ရွှေ့ပြောင်းသူရှိသလို လုပ်အားခကောင်းတဲ့အလုပ်တွေကို ပြောင်းသွားကြလို့ ဆားလုပ်သားရှားပါးတဲ့ပြဿနာနဲ့လည်း ကြုံနေရပြီ၊ လုပ်သားတွေပြန်လည်ရရှိနိုင်ဖို့က လုပ်အားခမြှင့်တင်ပေးရပါမယ်၊ Labour လုပ်အားခမြင့်သွားရင် အရင်းအနှီးပိုများလာမယ်၊ လက်ရှိ လုပ်အားခ၊ အရင်းအနှီးနဲ့ ဆားထုတ်လုပ်မှုက Belance ညီမျှနေတယ်၊ ဥပမာ တစ်နှစ် ဆားပိဿာ ၃ သိန်းထွက်တဲ့ဆားဖိုဟာ အရင်းအနှီး သိန်း ၁၈၀ လောက်စိုက်ထုတ်ရပါမယ်၊ လုပ်သားစရိတ်၊ စက်သုံးဆီ၊ သယ်ပိုးခ စရိတ်တွေပေါ့၊ ခုသာမာန်အချိန်မှာ ဆားတစ်ပိဿာ ၆၀ ကျပ်ပဲဈေးပေါက်တယ်၊ ဒီထက်ဆားဈေးကျသွားရင် အရှုံးပေါ်တယ်။(ယခုသင်္ကြန်အတွင်း မာရသာမုန်တိုင်းမိုးရွာသွင်းမှုကြောင့် ဆားကွင်းများပျက်စီးသဖြင့် ဆားလုပ်ငန်းများရပ်စဲသွားသည့်အတွက် လက်ရှိ ပငဆားကြမ်းဈေး တစ်ပိဿာ ၁၂၀ ကျပ်မှ ၁၅၀ ကျပ်အထိ ဈေးတက်သွားပါသည်)

မင်းထက်အောင်- အသေးစားအလတ်စားလုပ်ငန်း SME တွေနဲ့ ဆက်စပ်ချိတ်ဆက်မှုရှိနေသလား?
နိုင်ဟု- SME နဲ့ပတ်သက်ပြီး အစည်းဝေးလုပ်ဖြစ်ပါတယ်၊ ကျနော်တို့လုပ်ငန်းတွေကို စည်ပင်မှာလုပ်ငန်းလိုင်စင် အရင်တင်ရပါမယ်၊ လိုင်စင်ခ ၄ သောင်းခွဲလောက်ကျမယ်လို့ ဆိုတယ်၊ နှစ်ကုန်တဲ့အခါ ငွေထပ်ပေးသွင်းရမယ့်ဟာတွေလည်း ရှိပြန်ပါတယ်၊ ကျနော်တို့ဆီကလုပ်ငန်းရှင် ၂ ဦး ၃ ဦးလောက်ပဲ SME နဲ့ချိတ်ဆက်ဖြစ်ပါတယ်၊ လုပ်ထုံးလုပ်နည်းတွေ အဆင့်ဆင့်ရှိနေတော့ အချိန်မပေးနိုင်ပါဘူး၊ လောလောဆယ် SME စိတ်မဝင်စားတဲ့လုပ်ငန်းရှင်တွေက များနေတယ်။

မင်းထက်အောင်- ဘယ်လိုများ အကြံပြုလိုပါသလဲ?
နိုင်ဟု-ကျနော်တို့ဆားလုပ်ငန်းရှင်တွေဟာ ဘယ်အစိုးရလက်ထက်မှာမဆို တာဝန်ကျေခဲ့ပါတယ်၊ အင်္ဂလိပ်အစိုးရလက်ထက်ကနေ လက်ရှိအစိုးရအထိ နှစ်စဉ်နှစ်တိုင်း တာဝန်ကျေအခွန်ထမ်းဆောင်ကြရပါတယ်၊ ရှောင်ပြေးလို့မရပါဘူး၊ ဒါပေမယ့် အစိုးရတွေဘက်ကနေ ဘဏ်ချေးငွေရရှိဖို့ လုပ်ဆောင်ပေးခဲ့တာ မရှိပါဘူး၊ ဟိုးအရင်အစိုးရအဆက်ဆက်မှာ ဆားဖိုတွေကို လုပ်ကိုင်ခွင့်လိုင်စင်ပဲ သတ်မှတ်ပေးခဲ့တယ်၊ ဆားကွင်းမြေကအစိုးရပိုင်မြေဖြစ်နေတာပေါ့၊ ဒါပေမယ့် သမ္မတဦးသိန်းစိန် လက်ထက်မှာ မြေပိုင်ဆိုင်ခွင့်ပေးလိုက်တာ အရမ်းကိုကျေးဇူးတင်ပါတယ်၊ အစိုးရကနေပြီး မြေပိုင်ဆိုင်ခွင့်လက်မှတ်မှာ “အမွေလွှဲပြောင်းပိုင်ခွင့်၊ ရောင်းချပိုင်ခွင့်၊ အစိုးရနှင့်ပတ်သက်သည့် မည်သည့်ဘဏ်တွင်မဆို ငွေချေးငှားခွင့်ရှိသည်” ရေးသားထားတယ်ဆိုတော့ သိပ်ကိုဝမ်းသာပါတယ်၊ ဒါပေမယ့် အဲဒီပိုင်ဆိုင်ခွင့်လက်မှတ်ပြပြီး ဘဏ်မှာငွေသွားချေးတော့ လန-၃၉ မဟုတ်တော့ ဘဏ်ကနေ မချေးပေးပါဘူး၊ ရှင်းရှင်းပြောရရင် ဒီပိုင်ဆိုင်ခွင့်လက်မှတ်က အသက်မဝင်သေးဘူး၊ ဒါကို အစိုးရဘက်ကနေပြီး ဘဏ်ကနေ ငွေထုတ်ချေးပေးလို့ရတဲ့ဥပဒေ၊ နည်းဥပဒေတွေ ဆက်လက်ပြဌာန်းပေးဖို့ လိုပါတယ်၊ SME အစီအစဉ်ဘက်ကပဲ ဖြစ်ဖြစ်ပေါ့၊ ဥပမာ ကျပ်သိန်းတစ်ထောင်တန်တဲ့ ကျနော့်ဆားဖိုကို သိန်း ၂ ရာနဲ့ငွေချေးပေးဖို့ ဘဏ်က စိုးရိမ်ဖို့လိုမယ် မထင်ပါဘူး၊ အဓိက အစိုးရအပေါ်မှာ မူတည်နေပါတယ်၊ ဘဏ်တွေနဲ့ အဆင်ပြေပြေ ချိတ်ဆက်နိုင်ဖို့ပေါ့၊ တကယ်လို့ အစိုးရက SME လုပ်ငန်းတွေမှာ Process အဆင့်များများမရှိတဲ့ ဘဏ်ချေးငွေထုတ်ပေးတဲ့အစီအစဉ် လုပ်ပေးနိုင်ရင် သိပ်ကို အဆင်ပြေပါလိမ့်မယ်။ ဈေးကွက်၊ နည်းပညာ၊ ထုတ်ပိုးစနစ်တွေနဲ့ပတ်သက်ပြီးတော့လည်း ဗဟုသုတ၊ အမြင်ဖွင့်ဖလှယ်နိုင်ဖို့ SME လုပ်ငန်းတွေနဲ့လည်း ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ပေးနိုင်ရင်တော့ အခွင့်အလမ်းကောင်းတွေ ပိုမိုရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။

မင်းထက်အောင်- ဟုတ်ကဲ့ အခုလို အချိန်ပေးပြီး ဆွေးနွေးဖြေကြားပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။

About မွန်သတင်းအေဂျင်စီ

Check Also

TNLA နိုင်ငံခြားရေးဌာနမှူး တာပန်လ အားဆက်သွယ်မေးမြန်းချက်

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ လည်းဖြစ် နိုင်ငံခြားရေးဌာနမှူးလည်းဖြစ်သူ တာပန်လအား မွန်သတင်းအေဂျင်စီ MNA အလွတ်တန်းသတင်းထောက် ချစ်မင်းထွန်း ဆက်သွယ်မေးမြန်းသည်။ Related

Leave a Reply

%d bloggers like this: