မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / စစ်မှန်သည့်နိုင်ငံရေးဆွေးနွေးပွဲရောက်ရှိရေး တရုတ်မှပါဝင်ညှိနှိုင်းပေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ မေတ္တာရပ်ခံ

စစ်မှန်သည့်နိုင်ငံရေးဆွေးနွေးပွဲရောက်ရှိရေး တရုတ်မှပါဝင်ညှိနှိုင်းပေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ မေတ္တာရပ်ခံ

ရေးသားသူ:

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်နိုင်ရေး ဖြေရှင်းဆောင်ရွက်မည်ဆိုပါက ခိုင်မာတည်တံ့ပြီး စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲရောက်ရှိနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် တန်းတူညီမျှသော အခြေခံရပ်တည်မှုမှ ပါဝင်ညှိနှိုင်းပေးပါရန် ကချင် KIA,တအောင်း(ပလောင်) TNLA, ကိုးကန့် MNDAA, ရခိုင် AA တို့ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ Nothren Alliance(Burma) က ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်က မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်မှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုး၊ ပန်ဆိုင်း(ကြူကုတ်)၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ စသည့် ဒေသများတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ စစ်ဆင်ရေးလှုပ်ရှားနေပြီး တပ်မတော်စခန်း နှင့် ရဲကင်းများ၊ လမ်း၊ တံတားများကို ဦးတည် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် တပ်မတော်နှင့် ထိတွေပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်။

နိုဝင်ဘာ ၂၅ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထုတ်ပြန်ချက်(Copy)
နိုဝင်ဘာ ၂၅ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထုတ်ပြန်ချက်(Copy)
“ခိုင်မာတည်တံ့ပြီး စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲရောက်ရှိနိုင်ရန်အတွက် နယ်နိမိတ်ချင်း ထိစပ်နေသော တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်းတူညီမျှသည့် အခြေခံရပ်တည်မှုမှ ပါဝင်ညှိနှိုင်းပေးပါရန် မေတ္တာရပ်ခံအပ် ပါ သည်။မြန်မာပြည်မြောက်ပိုင်း စစ်ရပ်စဲရေး နှင့် ကြားဝင်ကူညီပေးရန်ဆိုသည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါ တီ ၏ ထုတ်ပြန်ချက်ကို မိမိတို့ ကြိုဆိုထောက်ခံပါသည်”ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့ က ဆိုသည်။

မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့သည် မြန်မာ့တပ်မတော်အား မလွှဲသာမရှောင်သာသော အခြေအနေ ကြောင့်သာ ပူးပေါင်းတိုက်ပွဲဝင်နေခြင်းဖြစ်ပါကြောင်း၊ မြန်မာ့တပ်မတော်သည် မိမိတို့ တိုင်းရင်းသားများ၏ နိုင်ငံရေးကိုယ်စားပြုမှုကို လက်မခံဘဲ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းအသီးသီးမှ ဝေဖန်ထောက်ပြနေသည့် ကြားက စစ်မှန်သည့်ငြိမ်းချမ်းရေးကို ဆောင်ရွက်ခြင်းမပြုဘဲ မိမိတို့အား စစ်ရေးအရ အလုံးစုံ ချေမှုန်းရေးကိုသာ ဆက်တိုက်ဆောင်ရွက်လျက်ရှိကြောင်း နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်ထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Liu Zhenmin နှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ၊ ဒုတိယပူးတွဲစစ်ဦးစီးချုပ် General Xu Fenlin တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ နိုဝင်ဘာ ၂၅ ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပြီး ရှမ်းမြောက်အရေး၊ နှစ်နိုင်ငံ နယ်နိမိတ်အရေး၊ ချစ်ကြည်ရေး၊ စသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုတွေ့ဆုံမှုတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တရုတ် – မြန်မာ နှစ် နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးရှိပြီးဖြစ်ကြောင်း၊တရုတ်နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အစဉ်အသိအမှတ်ပြု လေးစားမှု ရှိကြောင်း နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်း တည်ငြိမ်အေးချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ချက်များ အပေါ် ထောက်ခံမှုရှိကြောင်း ပြောကြား၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့၏ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာနများအကြား (၂+၂)ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ သည့် အကြောင်းအရာများ၊ လက်ရှိ ဖြစ်ပေါ်နေသည့် အရှေ့မြောက်ဒေသဖြစ်စဉ်များ နှင့် ပတ်သက်၍ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၏ သဘောထားရပ်တည်ချက်နှင့်လုပ်ဆောင်မှုများအား ဆွေးနွေးပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ထုတ်ပြန်ထားသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ရပ်တန့်နိုင်ရေးအတွက် မိမိတို့အနေဖြင့် တိုက်ပွဲဖြစ်ပွားသည့် နှစ်ဦးနှစ်ဖက်၏ ပြန်လည် သင့်မြတ် ရေးနှင့် ညှိနှိုင်းဆွေးနွေးရေးအတွက် လိုအပ် သော အကူအညီဆောင်ရွက်ပေးနိ်ုငရန် အချိန်ပြည့် အဆင်သင့် ရှိနေပါကြောင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA)က နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ပြော ကြားထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ စစ်ဆင်းရေးလှုပ်ရှားမှုကြောင့် ရဲ၊အရပ်သား၊ပြည်သူ့စစ်၊ စုစုပေါင်း ၁၀ ဦးသေဆုံး ခဲ့ပြီး ရဲ၊အရပ်သား၊ဝန်ထမ်း၊ စုစုပေါင်း ၃၃ ဦး ဒဏ်ရာ အသီးသီးရရှိထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ကြေညာထားပြီး လက်ရှိလည်း အရပ်သားများ သေဆုံးလျက်ရှိသလို ထိခိုက် ဒဏ်ရာရရှိမှုများလည်း ရှိနေကြောင်း အစိုးရမှ ထုတ်ပြန်ကြေညာချက်များအရ သိရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း ပြည်သူလူထုအနေဖြင့် ခရီးသွားလာမှုများကို ရပ်နားထားရန် နှင့် ပစ်ခတ် မှုများ ဖြစ်ပွားနေသည့် နေရာ/ဒေသများသို့ အတတ်နိုင်ဆုံး ရှောင်ရှားပေးကြရန် ထုတ်ပြန် ကြေညာထားသည်။

About မွန်သတင်းအေဂျင်စီ

Check Also

အိမ်ကြီးပေါ်အိမ်ငယ်ဆောက်သဖြင့် ပါတီတွင်းသဘောထားကွဲနေဟု ဒေါက်တာမင်းစိုးလင်းဝေဖန်

မွန်အမျိုးသားပါတီ MNP ပါတီတွင်း အိမ်ကြီးပေါ်အိမ်ငယ်ဆောက်ထားသဖြင့် သဘောထားများကွဲနေပြီး မိမိသည်လည်း ပါတီမှထုတ်ပယ်ခံလိုက်ရကြောင်း ရေးမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ဇူလိုင်လ ၂၀ ရက်နေ့တွင် …

Leave a Reply

%d bloggers like this: