အဂ္ဂနွန် (မော်လမြိုင်၊ ဇူလိုင် ၇)
တစ်ကမ္ဘာလုံး ပျံ့နှံဖြစ်ပွားလျက်ရှိသည့် Covid-19 ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံ အလုပ်ရုံများ၊ လုပ်ငန်းပေါင်းစုံ၊ ကဏ္ဍပေါင်းစုံထိခိုက်နစ်နာလျက်ရှိသည်။
လယ်ယာကဏ္ဍသည်လည်း ထိခိုက်နစ်နာမှုရှိသောကြောင့် Covid-19 အထူးချေးငွေ ထုတ်ချေးရန် နိုင်ငံတော် စီမံချက်ဖြစ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် (မော်လမြိုင်ဘဏ်ခွဲ) ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က မွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။
“နိုင်ငံတော်ကနေ ချမှတ်ပြီးတော့ ဆောင်ရွက်ခိုင်းတဲ့ လယ်ယာကဏ္ဍမှာ covid ထိခိုက်နိုင်တဲ့ လယ်သမားတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ အားလုံးကို တစ်ဧက ငါးသောင်းနှုန်းနဲ့ ချေးတဲ့ ချေးငွေဖြစ်ပါတယ်၊ အတိုးနှုန်းကလည်းပဲ စိုက်ပျိုးစရိတ်ချေးငွေ နှုန်းအတိုင်းပါဘဲ တစ်နှစ်ကို ၅ ရာခိုင်နှုန်း အရပ်သဘောနားလည်အောင် ၄၂ ပြားနှုန်းလောက်ဘဲ ငွေ ၁၀၀ ကို တစ်လမှာ ကျမှာဖြစ်ပါတယ်။”ဟု ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။
covid-19 အထူးချေးငွေ၏ လယ်ယာချေးငွေသည် စိုက်ပျိုမြေကို ထုတ်ချေးပေးမှာဖြစ်ပြီး တစ်ဧက ငါးသောင်းနှုန်း အတိုး ၅ ရာခိုင်နှုန်းအနေဖြင့် ထုတ်ချေးပေးမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
covid-19 ကာလမှာ တောင်သူလယ်သမားများသည် အလုပ်အကိုင်အဆင်မပြေခြင်းတို့ ကြုံနေရပြီး ယခုလိုထုတ်ချေးပေးခြင်းသည် ဝမ်းသာကြောင်း ချေးငွေရရှိရန် စာရင်းပေးထားသော တောင်သူတစ်ဦးက ဆိုသည်။
“လယ်သမားတွေအတွက်က ပိုက်ဆံပိုရင် လုပ်သားငှါးတဲ့အခါအဆင်ပြေတယ်ပေါ့ ကောက်စိုက်သမားအတွက် ဘာအတွက် အကုန်လုံးအဆင်ပြေမယ်လေး ဒီနှစ်က အခက်အခဲဖြစ်တယ် နိုင်ငံခြားကပိုက်ဆံလည်းမလာဘူး အလုပ်အဆင်မပြေလို့ ပိုက်ဆံအခက်အခဲဖြစ်တယ်ပေါ့ (သက်ဆိုင်ရာက)ဒီလိုချေးငွေထုတ်ချေးပေးတာ နည်းနည်းအဆင်ပြေတာပေါ့”ဟု တောင်သူတစ်ဦးဖြစ်သည့် ဒေါ်ရတနာအေးက ပြောတယ်။
အထူးချေးငွေရရှိရန် မုဒုံမြို့နယ် နိုင်လှုံ-လက်တက်ကျေးရွာ တောင်သူ ၁၅၀ ခန့် တင်ပြထားခြင်းဖြစ်ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးခင်မောင်ထွေးက ပြောသည်။
မွန်ပြည်နယ် တစ်ပြည်နယ်လုံးမှာ ဧက ပေါင်း ၂သိန်း ၈ သောင်းကျော်ကို ထုတ်ချေးပေးသွားမည်ဟု သိရသည်။
ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က “သီးနှံကို ချေးပေးတဲ့ ချေးငွေအမျိုးအစားမဟုတ်ပါဘူး ကျွန်တော်တို့က မြေကိုချေးပေးတာဖြစ်တယ်။ စိုက်ဧကချေးတဲ့ မြေကိုချေးပေးတဲ့မျိုးဖြစ်တာ ကျွန်တော်တို့ တစ်ကြိမ်ဘဲထုတ်ချေးပေးမယ်ဖြစ်ပါတယ်၊ ကျွန်တော်တို့မွန်ပြည်နယ်အတွက် လျာထားတာတော့ covid-19 အထူးချေးငွေအတွက် ကျပ်သန်းပေါင်း ၁၄၀၀၀ ထုတ်ချေးပေးဖို့ လျာထားတာဖြစ်တယ်”ဟု ထပ်မံပြောဆိုသည်။
ဇူူလိုင်လ ၅ ရက်နေ့အထိ ငွေကျပ် ၁၁၉ သိန်း ကျော် ထုတ်ချေးထားပေးပြီး ဆက်လက်ထုတ်ချေးလျက်ရှိကြောင်း ဦးကျော်စွာလှိုင်က ပြောသည်။
ယင်းချေးငွေပြန်ဆပ်ရမည့် အချိန်က လာမည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ နောက်ဆုံးထားပြီး ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။