Homeသတင်းစစ်ကော်မရှင်၏ စက်သုံးဆီရည်ညွှန်ဈေး မွန်ပြည်နယ်တွင် အခြားတိုင်းနှင့်ပြည်နယ်ထက် ဈေးနှုန်းကြီးမြင့်

စစ်ကော်မရှင်၏ စက်သုံးဆီရည်ညွှန်ဈေး မွန်ပြည်နယ်တွင် အခြားတိုင်းနှင့်ပြည်နယ်ထက် ဈေးနှုန်းကြီးမြင့်

-

မွန်ပြည်နယ်တွင် စစ်ကော်မရှင်၏ စက်သုံးဆီသတ်မှတ်ရည်ရွယ်ဈေးနှုန်းသည် အခြားတိုင်းနှင့် ပြည်နယ်များထက် ဓာတ်ဆီ ၅၀၀ ကျပ်နှင့် ဒီဇယ်ဆီ ၁၀၀၀ နီးပါးပိုမြင့်နေသည်ဟု စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

ယနေ့မတ်လ ၁၃ ရက်နေ့တွင် စစ်ကော်မရှင်၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ကော်မတီမှ မွန်ပြည်နယ်တွင် ၉၂ တစ်လီတာ ၃၃၃၀ ကျပ်၊ ၉၅ တစ်လီတာ ၃၄၇၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၄၁၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၄၂၂၅ ကျပ်အဖြစ် ရည်ညွှန်းဖော်ပြသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်ဆိပ်ကမ်းအထိ ဆီတင်သင်္ဘောကြီးဆိုက်ကပ်ရန်  မလွယ်ကူဘဲ သင်္ဘောငယ်များဖြင့်  ပြန်သယ်ယူရသည့်အတွက် Transportation Charges အရ အခြားပြည်နယ်များထက် ဈေးကြီးမြင့်နေကြောင်းလည်း မော်လမြိုင်မြို့မှ စက်သုံးဆီလုပ်ငန်းရှင် တစ်ဦးကပြောသည်။

“အခြေအနေအရ တစ်ပတ်တစ်ခါဈေးကပြောင်းတယ်။ ဈေးတင်ရင်တင်မယ်ဆိုတာက သင်္ဘောငယ်နဲ့ပြန်သယ်ရတော့ Transportation Charges ကြောင့်လည်းပါတယ်ပါတယ် ဘယ်လိုဈေးဖတ်ပြီး ဘာလို့ဈေးမြင့်တာကတော့ အသေအချာမသိဘူး” ဟုပြောသည်။

ယမန်နေ့က မော်လမြိုင်မြို့တွင် ၉၂ တစ်လီတာ၂၈၇၅ ကျပ် နှင့် ၉၅ တစ်လီတာလျှင် ၂၉၅၅ ကျပ် သတ်မှတ်ထားခြင်းဖြစ်သည်။

စက်သုံးဆီ ရရှိမှုခက်ခဲနေခြင်းကြောင့် စက်သုံးဆီဆိုင်ငယ်များတွင် တစ်လီတာ ၈၀၀၀ ကျပ်ပေါက်ဈေးရှိနေပြီး ယခုကဲ့သို့ဓာတ်ဆီသတ်မှတ်ဈေနှုန်းထပ်မံမြင့်တက်ပါက ပြင်ပပေါက်ဈေး ပိုမိုမြင့်တက်လာနိုင်သည်ဟုလည်း ကျိုက်မရောဒေသခံတစ်ဦးကပြောသည်။

“တစ်ဆိုင်နဲ့တစ်ဆိုင်မတူဘူး ဆီပန့်ဆိုင်တွေကတော့ ပျမ်းမျှ ၈၀၀၀ ရှိတယ်၊ ဓာတ်ဆီကအရနည်းတယ် မပြည့်ဘူး အသုံးလိုတော့ဝယ်ရတယ်ပဲ၊ မော်လမြိုင်ကနေဝယ်ပြီးရွာမှာ ပြန်ရောင်းရတယ် ဆီဆိုင်ကြီးက ပိတ်နေတာများတယ်” ဟု ပြောသည်။

မွန်ပြည်နယ်တွင်ပုံမှန်ခွဲတမ်းစနစ်ထက် ၆၀ ရာခိုင်နှုန်းလျှော့ချထားသည့်အတွက် မြို့နယ်အတွင်းရှိ ဆီဆိုင်ကြီးအများစု ဓာတ်ဆီပြတ်လပ်မှုဖြစ်နိုင်ပြီး ပေါင်မြို့နယ်တွင် ဓာတ်ဆီဆိုင်တို့တွင် ၄ ရက်ခန့် ဆိုင်ပိတ်ထားသည်ဟု ပေါင်မြို့ခံများမှသိရသည်။

စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲများစွာရှိနေပြီး၊ ပြတ်လပ်နေသည့်အပြင် လက်ရှိတွင် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းသည်လည်း အခြားသောပြည်နယ်များနှင့်ကွာဟနေသောကြောင့် မွန်ပြည်နယ်အစိုးရ အဖွဲ့မှ ထိန်းညှိဆောင်ရွက်ပေးရန်လိုအပ်ဟုလည်း ဒေသခံများကပြောသည်။

အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများမှာလည်း အတက်အကျမငြိမ်သက်ဖြစ်နေရာ၊ ကမ္ဘာတစ်ဝန်းရှိ ယခင်သတ်မှတ်စက်သုံးဆီဈေးနှုန်းများကို အာဏာပိုင်းများ  ပြောင်းလဲသတ်မှတ်ထားကြကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts