Homeဆောင်းပါးNCA အာမခံချက်ကြားက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၏ လုံခြုံရေးစိန်ခေါ်မှု

NCA အာမခံချက်ကြားက မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၏ လုံခြုံရေးစိန်ခေါ်မှု

-

သတင်းဆောင်းပါး-ဂညန်း

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှုများသည် လုံခြုံရေး ခြိမ်းခြောက်မှုအပြင် စာရွက်ပေါ်က အပစ်ရပ်စာချုပ်၏ လက်တွေ့အကောင်အထည်ဖော်မှုနှင့် အာမခံချက်အပေါ် ပြင်းထန်သော မေးခွန်းများ ထွက်ပေါ်လာစေသည်။

စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုနှင့် လေကြောင်းရန်ကို တားဆီးနိုင်စွမ်း ကင်းမဲ့နေပြီး၊ အခြားတစ်ဖက်တွင်လည်း နယ်မြေတွင်း ဖြတ်သန်းသွားလာနေသည့် တော်လှန်ရေးတပ်ဖွဲ့များ၏ အခြေအနေကို ထိန်းကျောင်းရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ဤအခြေအနေများကြား NMSP အနေဖြင့် မိမိထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူများ၏ အသက်အိုးအိမ် လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း ရှိ၊ မရှိ ဆိုသည့် ကြီးမားသော နိုင်ငံရေးနှင့် လက်တွေ့စိန်ခေါ်မှုကို ထင်ထင်ရှားရှား မီးမောင်းထိုးပြနေသည်။

ရေးချောင်းဖျားဒေသ မွန်ပြည်သစ်ပါတီ NMSP ထိန်းချုပ်နယ်မြေ ဖလမ်းရွာကို စစ်တပ်မှ လေယာဉ်ဖြင့် နိုဝင်ဘာ ၁၅ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ချဲ့တိုက်ကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄ ဦးခန့်ရှိပြီး ဒဏ်ရာရသူ ၁၅ ဦး ထက်မနည်းရှိကြောင်း၊ ထို့အပြင် နေအိမ်နှင့် အဆောက်အအုံများစွာ ပျက်စီးခဲ့ရပြီး၊ လက်ရှိတွင် ဖလံချောင်းဝ၊ ချဲ့တိုက်၊ ချောင်းနှစ်ခွအပါအဝင် ကျေးရွာ ၅ ရွာထက်မနည်း‌မှ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်တပ်မှ ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုများကို တော်လှန်ရေးတပ်ဖွဲ့များရှိနေသည့် သတင်းရရှိချက်အရ ရှင်းလင်းတိုက်ခိုက်ရခြင်းဖြစ်သည်ဟု လွယ်လင့်တကူ အကြောင်းပြလေ့ရှိသည်။

NMSP ထိန်းချုပ်နယ်မြေဖြစ်သော်လည်း စစ်တပ်အနေဖြင့် NCA သဘောတူညီချက်နှင့် မဟာမိတ်ဆက်ဆံရေးကို အလေးထားခြင်းမရှိသည့် စစ်ရေးလှုပ်ရှားမှု သဘောဖြစ်ပြီး၊ စစ်တပ်နှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်သော်လည်း တိုက်ခိုက်မှု ရပ်တန့်ပေးမည့် အနေအထားအထိ သက်ရောက်မည် မဟုတ်ကြောင်းလည်း မွန်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဗညားအောင်မိုး၊ မိမြင့်သန်း၊ နိုင်ချမ်းတွဲ့နှင့် ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် နိုင်ရဲထွဋ်အောင်တို့သည် ရေးချောင်းဖျားဒေသ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ပြည်သူများ သေဆုံးဒဏ်ရာရရှိမှု၊ နေအိမ်အဆောက်အအုံများ ပျက်စီးခဲ့သည့် အခြေအနေကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြကာ တာဝန်ယူဆောင်ရွက်ရန်နှင့် နောင်တွင် ယခုကဲ့သို့ ထပ်မံမဖြစ်ပွားစေရန် တိုင်ကြားအကူအညီတောင်းခံခဲ့သည်။

လွှတ်တော်မှတစ်ဆင့် စစ်ရေးကိစ္စများကို တားဆီးရန် သို့မဟုတ် စစ်တပ်၏ လုပ်ဆောင်မှုများကို ရပ်တန့်ရန် တိုက်တွန်းထုတ်ပြန်နိုင်သည့် အခွင့်အာဏာနှင့် သက်ရောက်မှုမရှိနိုင်ဟု မွန်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

“စစ်ရေးကိစ္စ ပစ်ခတ်ရေးကိစ္စဆို စစ်တပ်ကပဲ လုပ်လိုက်မယ်။ လွှတ်တော်ကနေ တားဖို့ ၊မလုပ်ဖို့၊ စာထုတ်ပြန်တာမျိုး တိုက်တွန်းတာမျိုး အထိတော့ ဖြစ်နိုင်မှာမဟုတ်ဘူး၊တော်လှန်ရေးတွေ မွန်ဒေသခံ အကြားမှာ ခိုလှုံပြီး နေထိုင်တာမျိုးမရှိအောင်ပဲ ရွေးကောက်ပွဲဝင်ပါတီကိုယ်စားလှယ်တွေကပဲ တိုက်တွန်းပေးဖို့ ရလဒ်အဆုံး အဲ့လောက်ပဲ စစ်တပ်က ပြန်ပြောလာမယ်” ဟု ၎င်းကပြောသည်။

ယနေ့အထိ နယ်မြေအတွင်း စစ်တပ်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုအပေါ် မွန်ပြည်သစ်ပါတီအနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။ NMSP နယ်မြေတွင် တော်လှန်ရေးအဖွဲ့များ ဝင်ရောက်ခိုလှုံခြင်းမပြုရန် ညှိနှိုင်းနိုင်မှသာ မွန်ပြည်သစ်နယ်မြေကို မထိခိုက်ရန် တောင်းဆိုနိုင်မည်ဖြစ်သည်။ သို့သော် ယင်းကဲ့သို့ တော်လှန်ရေးများအား ထိန်းချုပ်ပြောဆိုရန်လည်း မလွယ်ကူပေ။

“ဥပမာ ချဲ့တိုက်လိုမျိုး နယ်မြေကို ကရင်တွေ၊ PDF တို့ဝင်နေရင်လည်းမဝင်ဖို့ အဲ့လိုမျိုး ကန့်သတ်နိုင်ရင်တော့ ကောင်းမယ်၊ ဒါမဲ့ မလွယ်ဘူး။ NMSP လည်းတာဝန်မယူနိုင်ဘူး။ တစ်ခုပေါ့နော် NMSP နယ်မြေမှာ တိုက်ပွဲမဖော်ဖို့တွေ၊ လွတ်လပ်တဲ့နယ်မြေတွေမှာပဲ ဖော်ဆောင်ကြပါ ဒါကိုမေတ္တာနဲ့ သိမ်မွေ့စွာ ညှိနှိုင်းတာ၊ ပြည်သူတွေရှိတဲ့နေရာမှာ ဝင်ပြီးမနေဖို့တွေရယ်။ အဲ့လောက်ပဲ ညှိနှိုင်းနိုင်ရင် စစ်တပ်က NMSP နယ်မြေကို မထိတာမျိုးတောင်းဆိုတာကို လက်ခံမယ်ပေါ့နော်” ဟု အထက်ပါမွန်နိုင်ငံရေး သုံးသပ်သူကဆက်ပြောသည်။

ထို့ကြောင့် မွန်ပြည်သစ်ပါတီအနေဖြင့် စစ်တပ်ရန်မှတားဆီးနိုင်ခြင်းမရှိသလို တော်လှန်ရေးများအားလည်း ထိန်းချုပ်ရန် မဖြစ်နိုင်သောကြောင့် ပြည်သူများ၏ လုံခြုံရေးသည် အာမခံနိုင်မည်မဟုတ်သောကြောင့် စစ်ရေးအခြေအနေ ကြိုတင်ကာကွယ်ရေး အစီအစဉ်ဖြင့် လုပ်ဆောင်ရန် လိုအပ်လာသည်။

လတ်တလောတွင် စစ်ကြောင်းလှုပ်ရှားမှုသတင်း ၊လေယာဉ်ပျံသန်းမှု၊ ဒရုန်းဖြင့်ကင်းထောက်မှုများကြောင့် ဒေသခံများထိတ်လန့်ရဆဲဖြစ်ကြောင်း၊ လုံခြုံရေးအတွက် ခိုကိုးရာမဲ့ဘဝဖြင့် ရပ်တည် နေထိုင်နေရသည်။

လုံခြုံရေးအရ နယ်မြေတာဝန်ရှိသူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဒေသခံများကို တိမ်းရှောင်ရန်သာ အသိပေးထားပြီး၊ လေကြောင်းအန္တရာယ်မှ ကြိုတင်ကာကွယ်ရေး အရေးပေါ် တိမ်ရှောင်ရေးအစီအစဉ်များမရှိသေးဟု သိရသည်။

ထို့ကြောင့် ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံများသည် ရော်ဘာခြံ၊ ဥယျာဉ်ခြံ၊ တောအုပ်များအတွင်း တိမ်းရှောင်နေရသည်။ နေ့ဘက်တွင် နေအိမ်ကို ခဏတစ်ဖြုတ်လာကြည့်သော်လည်း ညဘက်တွင် နေထိုင်နိုင်ခြင်းမရှိသေးပေ။

စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက “လေယာဉ်က နေ့တိုင်းလိုလိုဝဲနေတယ်။ ဗုံးချသံ ပြန်ကြားနေရတယ်။ ဗုံးကြဲပြီးနောက်နေ့ ချဲ့တိုက်အထိကို သတင်းထောက်တဲ့ သတင်းက တစ်နေ့လုံးထောက်တယ်။ ရွာမှာ နေ့ပိုင်းဆိုအိမ်လာကြည့်တဲ့သူ အနည်းငယ်ရှိပြီး၊ ညပိုင်း လူမရှိကြဘူး။ ခုကလုံခြုံရေးအခြေအနေ လုံးဝမကောင်းပါဘူး၊ အဆင်ပြေရာသွားနေရတယ်။” ဟု၎င်းကပြောသည်။

နေရပ်စွန့်ခွာရခြင်းနှင့်အတူ ခြံလုပ်ငန်းများ ရပ်နားထားရသဖြင့် ဒေသခံများ၏ ဝင်ငွေထိခိုက်ပြီး၊ ရက်ရှည်လာလျှင် စားဝတ်နေရေး ကျပ်တည်းလာနိုင်သည်။ လူမှုကူညီရေးအဖွဲ့နှင့် အရပ်ရပ်မှမွန်ဒေသခံများ သံဃာတော်များ ထောက်ပံ့ကူညီရန် ကြိုပမ်းနေပြီး၊ ဒေသတွင်းမလုံခြုံသေးသောကြောင့် ကူညီရေးလုပ်ငန်းများ အခက်အခဲရှိနေသည်။

NCA သဘောတူညီချက်နှင့် မဟာမိတ်ဆက်ဆံရေးသည် စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို တားဆီးနိုင်ခြင်းမရှိသလို တွေ့ဆုံညှိနှိုင်းမှုဖြင့်လည်း တိုက်ခိုက်မှုကို ရပ်တန့်စေမည်မဟုတ်ပေ။ စစ်ရေးပဋိပက္ခများအကြား အရပ်သားများ၏ လုံခြုံရေးကို အကာအကွယ်မပေးနိုင်သည့် အခြေအနေတွင် ဆက်လက်ရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,100SubscribersSubscribe

Latest posts