မွန်နှင့် တောင်ပိုင်ဒေသ ၁၄ မြို့နယ်တွင် စစ်ရေးပဋိပက္ခကြောင့် အောက်တိုဘာလ တစ်လအတွင်း ကလေးအပါအဝင် အရပ်သား ၁၃ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာ ရရှိသည်ဟု ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ (RICE) အဖွဲ့၏ အချက်အလက်များအရ သိရသည်။
RICE အဖွဲ့က ထုတ်ပြန်ထားသည့် အချက်အလက်များတွင် အောက်တိုဘာလ၌ မွန်နှင့် တောင်ပိုင်းဒေသတွင် တိုက်ပွဲ ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ်တွင် ၄ ကြိမ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၃ ကြိမ်၊ ကော့ကရိတ်မြို့နယ်တွင် ၂ ကြိမ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် ၁ ကြိမ် ဖြစ်ပွားခဲ့သည်။

၎င်းပြင် မွန်နှင့် တောင်ပိုင်းဒေသတွင် လက်နက်ကြီးပစ်ခတ်မှု ၁၉ ကြိမ်၊ လေကြောင်း တိုက်ခိုက်မှု ၆ ကြိမ်နှင့် ဒရုန်းတိုက်ခိုက်မှု ၁၁ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ပါရှိသည်။
ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ အများဆုံးဖြစ်ပွားခဲ့သည်။
တိုက်ပွဲနှင့် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများကြောင့် ဘီးလင်းမြို့နယ်တွင် အရပ်သား ၅ ဦး၊ ကျိုက်ထိုမြို့နယ်တွင် ၄ ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၃ ဦးနှင့် မုဒုံမြို့နယ်တွင် ၁ ဦး သေဆုံးသွားခဲ့သည်ဟု ဟု RICE ၏ အချက်အလက်များက ဖော်ပြသည်။
“ဒီနောက်ပိုင်း တိုက်ပွဲတွေ လျော့ကျသွားပေမဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့မှ လေကြောင်းတိုက်ခိုက်တာတွေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီး ပစ်ခတ်နေတာတွေကို စစ်အုပ်စုဘက်က ပိုပြီးတော့ လုပ်ဆောင်လာတယ်။ အဲဒါကြောင်းမို့လို့ အရပ်သား ထိခိုက်မှုတွေ စစ်ရှောင်တွေက ပိုပြီး တိုးလာတယ်” ဟု စစ်ဘေးရှောင်အကူအညီပေးသူတစ်ဦးက ပြောသည်။
၎င်းပြင် တိုက်ပွဲနှင့် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလတွင် ကျိုက်ထိုမြို့နယ်တွင် စစ်ဘေးရှောင် ၈၀၀ ခန့်၊ ဘီးလင်းမြို့နယ်တွင် စစ်ဘေးရှာင် ၅၀၀ ခန့်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၃၀၀၀ ဦးခန့် စစ်ဘေးရှောင်ခဲ့ကြရသည်။
တိုက်ပွဲနှင့် စစ်တပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ အရပ်သားပြည်သူပိုင် နေအိမ်များနှင့် ပိုင်ဆိုင်မှုပစ္စည်းများ လုပ်ကိုင်စားသောက်သည့် ဥယျာဉ်ခြံများလည်း ထိခိုက် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။
မွန်နှင့် တောင်ပိုင်းဒေသအသီးသီးတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် စာသင်ကျောင်း၊ အရပ်သားပြည်သူ နေအိမ်များနှင့် ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြရသည်။
RICE ၏ အချက်အလက်များအရ အောက်တိုဘာလအတွင်း စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်တွင် နေအိမ် ၁၄ လုံး၊ ကျိုက်ထိုမြို့နယ်တွင် စာသင်ကျောင်းအပါ နေအိမ် ၁၃ လုံးနှင့် ကော့ကရိတ်မြို့နယ်တွင် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။




