Home သတင်း ရေးမြို့ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

ရေးမြို့ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ရင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၂ ဦး သေဆုံးသွားသည်ဟု သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရေးတံတားကြီးစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင် ၂ ဦး ဆိုင်ကယ်ဖြင့် ထွက်လာချိန် ရေးဘီလူးအဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရေးတံတားကြီးစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် စစ်တပ်ဘက်က ဗိုလ်လေးရာထူးအဆင့်ရှိ မောင်ဝေဟင်ပိုင်ကျော်နှင့် အမည်မသိ စစ်မှုထမ်းတပ်သားတို့ နှစ်ဦး သေဆုံးသွားသည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ဗိုလ်လေးရာထူးအဆင့်ရှိ မောင်ဝေဟင်ပိုင်ကျော်နှင့် အမည်မသိ စစ်မှုထမ်းတပ်သားတို့သည် ဒေသတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချရန် ထွက်လာချိန် တိုက်ခိုက်ခဲ့သည်ဟုလည်း ရေးဘီလူးအဖွဲ့က ဆိုသည်။

“ရေးတံတားကြီးစစ်ဆေးရေးဂိတ်မှာ တာဝန်ကျနေတဲ့ တပ်သား ၂ ဦးက ဆိုင်ကယ်နဲ့ ဂိတ်ကနေ ထွက်လာတဲ့အချိန်မှာ ရေးဘီလူးက တိုက်ခိုက်တာဖြစ်တယ်။ ၂ ဦးစလုံး သေသွားတယ်လို့တော့ သိရတယ်” ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် စစ်တပ် တပ်ဖွဲ့ဝင် ၂ ဦးထံမှ WY ဆေးပြား ၆ ပြား၊ ငွေကျပ် ၂၀၀၀၀ ကျော်နှင့် လက်ကိုင်ဖုန်း သိမ်ဆည်းရမိသည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ရေးမြို့နယ်အတွင်းရှိ စစ်ကော်မရှင် တပ်စခန်း၊ ဂိတ်၊ ကင်းစခန်းတို့ကို ရေးဘီလူးအပါအဝင် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုလည်း ရှိသည်။

Enable Notifications OK No thanks