မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသ၊ ဒူးယားကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းအဖွဲ့ကို ရာမညမွန်တပ်တော် (RMA) က မိုင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
အင်အား ၅၀ ကျော်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ ည ၈ နာရီဝန်းကျင် အချိန်ခန့်က စစ်ကား ၂ စီးဖြင့် ဒူးယားကျေးရွာဘက်သို့ ဝင်ရောက်လာခဲ့သည်။

ထို့နောက် အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် ၎င်းစစ်ကြောင်းသည် ကျေးရွာအဝင်အထွက်လမ်းနှင့် ကျေးရွာအပြင်ရှိ ဇရပ်တို့တွင် အင်အားဖြန့်ကျဲထားသည်ဟု အမည်မဖော် လိုသည့်ဒေသခံတစ်ဦးက ပြောသည်။
“မနက်မိုးလင်းတာနဲ့ သူတို့ကို တစ်ရွာလုံး နေရာအနှံ့ တွေ့နေရပြီး။ အဲ့ဒါနဲ့ မကြာဘူး ရွာအပြင်က သူတို့ရှိနေတဲ့ ဇရပ်နေရာမှာ ဗုံးပေါက်ကွဲတယ်လို့ ကြားတယ်။ ဒါမဲ့ ထိသွားလား၊ မထိဘူးလား ဆိုတာတော့ သေချာမသိဘူး။ ဇရပ်တော့ ပျက်စီးသွားတယ်။”ဟု ၎င်းက ဆိုသည်။
၎င်းစစ်ကြောင်းသည် ရေးမြို့နယ်အခြေစိုက် ခမရ ၅၈၆ နှင့် ခမရ ၂၉၉ တို့မှ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်သည်ဟု RMA ထုတ်ပြန်ချက်အရ သိရသည်။
မိုင်းဖြင့် တိုက်ခိုက်မှုပြီးနောက် ရာမညမွန်တပ်တော် (RMA) တပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့က စစ်ကော်မရှင်တပ်၏ မြို့ ဟောင်းကုန်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခံရမှုကြောင့် အထိနာခဲ့ပြီး ဒူးယားကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည်ဟု ဒေသခံများက ဆိုသည်။




