Homeသတင်းယာဉ်မောင်းနှင်ခြင်းနှင့် မသင့်လျော်သော အလှူခံခြင်းများ လုပ်ဆောင်သည့် သံဃာများ အရေးယူခံရနိုင်

ယာဉ်မောင်းနှင်ခြင်းနှင့် မသင့်လျော်သော အလှူခံခြင်းများ လုပ်ဆောင်သည့် သံဃာများ အရေးယူခံရနိုင်

-

မွန်ပြည်နယ်အတွင်း ရဟန်းသံဃာတော်များ ယာဉ်မောင်းနှင်ခြင်းနှင့် သာသနာအကြည်အညိုပျက်စေမည့် မသင့်လျော်သော အလှူခံခြင်းများ စစ်ဆေးအရေးယူခံရနိုင်ကြောင်း သံဃာများနှင့် သာသနာရေးရာလုပ်ငန်းများကို ဆောင်ရွက်နေသူများမှ သိရသည်။

ကျိုက်မရော၊ မော်လမြိုင်၊ မုဒုံစသည့် မြို့နယ်အချို့တွင် ရဟန်းသံဃာတော်များ ယာဉ်မောင်းနှင်ခြင်းနှင့် အလှူခံခြင်းအပါအဝင်လိုက်နာရမည့် စည်းကမ်းချက်များကို ပြီးခဲ့သည့် အောက်တိုဘာလလယ်ခန့်မှစတင်၍ သက်ဆိုင်ရာမြို့နယ် သံဃာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။

ထုတ်ပြန်ချက်ကို သက်ဆိုင်ရာ ဘုန်းကြီးကျောင်းများသို့ ပေးပို့အသိပေးခဲ့သည့်အပြင် လမ်းများနှင့် အများပြည်သူ သွားလာသည့်နေရာများတွင်လည်း ဗီနိုင်းပိုစတာများ စိုက်ထူအသိပေးခဲ့သည်။

ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ၌ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များ ကိုယ်တိုင်မောင်းနှင်လာသည့် ရဟန်းသံဃာတော်များကို ရပ်တန့်စစ်ဆေးပြီး သတိပေးပြောဆိုမှုများ ပြုလုပ်နေသည်ဟု ကျိုက်မရောမြို့နယ်မှ သံဃာတစ်ပါးက မိန့်ကြားသည်။

“အခုတော့ ပညာပေးတဲ့အနေနဲ့ လက်အုပ်ချီပြီးမောင်းလို့မရဘူးဆိုတာကို ပြောပြတယ်။ ပညာပေးကာလက ၃ လရှိတယ်လို့တော့ ကြားတယ်။နောက်ဆို စည်းကမ်းမလိုက်နာရင် ဖမ်းဆီးအရေးယူခံရနိုင်တဲ့သဘောတော့ ရှိတယ်ပေါ့။ လောလောဆယ် ထိထိရောက်ရောက် သတိပေးနေတာက ကားမောင်းတာ၊ ဆိုင်ကယ်မောင်းတာနဲ့ အများပြည်သူသွားလာတဲ့နေရာတွေမှာ အလှူခံတာတွေပေါ့။" ဟု မိန့်သည်။

ပညာပေးကာလနောက်ပိုင်း၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖမ်းဆီးအရေးယူမှုများ စတင်လုပ်ဆောင်လာနိုင်သည့် အခြေအနေရှိကြောင်း သိရသည်။

သံဃာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို ထောက်ခံကြိုဆိုသော်လည်း စစ်ဆေးရေးဂိတ်များအနေဖြင့် အဂတိလိုက်စားမှုများမရှိဘဲ လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း အသက် ၃၅ နှစ်ကျော်အရွယ် မွန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သံဃာအဖွဲ့တွေ ဒီလိုလုပ်တာကို ကြိုဆိုတယ်။ ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ လာဘ်စားတဲ့အကျင့်က ရှိနေတော့ တကယ်တမ်းလုပ်တဲ့အခါ သိပ်ပြီးတော့ ထိရောက်မှာလို့တော့ မမြင်ဘူး။ အမှန်ဆို ရဟန်းတွေက ကားမောင်းလို့ မသင့်တော်ဘူး။ အဲဒီကားတွေကြောင့် တချို့ရဟန်းတွေက လောဘတက်ပြီး ပြိုင်ဆိုင်ကြတာလည်း ရှိတယ်။ ပြီးတော့ ဈေးတွေမှာ ပိုက်ဆံလိုက်အလှူခံတာကလည်း ရဟန်းဂုဏ်သိက္ခာနဲ့ မညီညွတ်သလို ကြည့်ရတာလည်း မကောင်းဘူး။ ” ဟု အထက်ပါ မွန်ဒေသခံက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် ရဟန်း၊ သာမဏေ၊ သီလရှင်များက ကားဂိတ်၊ မီးရထားဘူတာရုံ၊ လမ်းဆုံလမ်းခွနှင့် စားသောက်ဆိုင်များ၌ သပိတ်ကို တွန်းထိုးခြင်း၊ လက်တို့တောင်းခံခြင်းများဖြင့် အလှူခံနေကြသည့်အပြင် ကျေးရွာနှင့် ရပ်ကွက်များတွင်လည်း ဘုရားပွဲ သို့မဟုတ် ဘုန်းကြီးကျောင်းတိုက်အမည်များကို အသုံးပြုကာ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံအလှူခံမှုများ ရှိနေသည်။

စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ကြေညာချက်တွင် ရဟန်း၊ သာမ‌ဏေ၊ သီလရှင်များကိုယ်တိုင် ကား၊ ဆိုင်ကယ်‌‌မောင်းခြင်း၊ စက်ဘီးစီးခြင်း၊ ဆိုင်ကယ်ဘေးတွဲမောင်းနှင်ခြင်းနှင့် အလှူခံခြင်းများကို စစ်‌ဆေးအရေးယူသွားမည်ဟု ဖော်ပြထားသည်။

အရက်သေစာသောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း၊ စားသောက်ဆိုင်များ၌‌ နေ့လွဲညစာစားသုံးနေသော ရဟန်း၊ သာမ‌ဏေ၊ သီလရှင်များကို တွေ့ရှိပါကလည်း စစ်ဆေးအရေးယူမည်ဟု ကြေညာချက်တွင် ပါရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts